ပေါင် (၁.၂၅) ဘီလီယံကုန်ကျခံကာ ပြုပြင်မွမ်းမံမှုပြုလုပ်နေသည့် နူးကမ့်ကွင်း၏ပုံရိပ်များကို ဘာစီလိုနာအသင်း ပြသ

ပေါင် (၁.၂၅) ဘီလီယံကုန်ကျခံကာ ပြုပြင်မွမ်းမံမှုပြုလုပ်နေသည့် နူးကမ့်ကွင်း၏ပုံရိပ်များကို ဘာစီလိုနာအသင်း ပြသ
Photo: X
Photo: X
Published 22 August 2024

ဘာစီလိုနာအသင်းသည် ပေါင် (၁.၂၅) ဘီလီယံ အကုန်အကျခံကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည့် နူးကမ့်ကွင်း၏ အနာဂတ်ပုံရိပ်များကို ထုတ်ဖော်ပြသခဲ့သည်။

ဘာစီလိုနာအသင်းသည် ၎င်းတို့၏ တရားဝင် X စာမျက်နှာတွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် ထွက်ပေါ်လာမည့် နူးကမ့်ကွင်း၏ ပုံရိပ်များကို မျှဝေခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ၎င်းတို့၏နာမည်ကျော်အိမ်ကွင်းဖြစ်သည့် ပရိသတ် (၁၀၅၀၀၀) ဝင်ဆံ့သော နူးကမ့်ကွင်းကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် ပေါင် (၁.၂၅) ဘီလီယံတန်ပရောဂျက်ကို ၂၀၂၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် ခေတ်မီပြုပြင်မှုများ ပြုလုပ်နေသည့် နူးကမ့်ကွင်းကို ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်ရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဥရောပတွင် အကြီးဆုံးကွင်းဖြစ်လာမည့် နူးကမ့်ကွင်းကို အသင်းတည်ထောင်မှု (၁၂၅) နှစ်ပြည့်မြောက်မည့် လာမည့် နိုဝင်ဘာ (၂၉)ရက်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းခဲ့ကြောင်း သိရသည်။

သို့သော် ပြုပြင်မွမ်းမံမှုများမှာ အချိန်မီပြီးစီးဖွယ်မရှိသဖြင့် ယခုနှစ်ကုန်ပိုင်းတွင်မှ အသုံးပြုရဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် နူးကမ့်ကွင်းကိုပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးပွဲတွင် ကွင်းအတွင်း ဝင်ဆံ့သည့် ပရိသတ် (၆၀) ရာခိုင်နှုန်းဖြစ်သော (၆၅၀၀၀) ဦးကိုသာ ကြည့်ခွင့်ပေးဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်း ယခုထုတ်ပြန်ခဲ့သည့် ပြုပြင်မွမ်းမံပြုလုပ်ပြီး ထွက်ပေါ်လာမည့် နူးကမ့်ကွင်းမှာ ခေတ်မီလှပပြီး ဘောလုံးပရိသတ်များနှင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားအချို့ကို မှတ်ပုံတင်ရန်ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ နူးကမ့်ကွင်းကို ပေါင် (၁.၂၅)ဘီလီယံ ကုန်ကျခံပြုပြင်မွမ်းမံခဲ့ခြင်းအပေါ် ပရိသတ်များက X တွင် မေးခွန်းထုတ်ခဲ့ကြသည်။

ပရိသတ်တစ်ဦးက ''သူတို့ ဘယ်လိုတတ်နိုင်ရတာလဲ။ ဘာတွေ ရောင်းလိုက်ပြန်ပြီလဲ''ဟု ရေးခဲ့ပြီး အခြားပရိသတ်တစ်ဦးက ''ဘာစီလိုနာက ချွတ်ခြုံကျနေတယ်တဲ့။ ကွင်းမွမ်းမံဖို့ ပိုက်ဆံ ဘယ်ကရလဲ''ဟု မေးခွန်းထုတ်ခဲ့သည်။

အခြားပရိသတ်များကလည်း ''အလုပ်သမားတွေ ပိုက်ဆံရရဲ့လား''၊ ''ဘာစီမွဲနေတာ ဒါတွေကြောင့် ဖြစ်မယ်''ဟု မှတ်ချက်ပေးခဲ့ကြသည်။ 

Most Read

Most Recent