ခီယေဆာအပါအဝင် ကစားသမား (၉)ဦးနှင့် ဂျူဗင်တပ်စ် လမ်းခွဲမည်ဖြစ်ပြီး အသင်းသစ်ရှာဖွေရန် ညွှန်ကြားထားကြောင်း နည်းပြ မော့တာ အတည်ပြု

ခီယေဆာအပါအဝင် ကစားသမား (၉)ဦးနှင့် ဂျူဗင်တပ်စ် လမ်းခွဲမည်ဖြစ်ပြီး အသင်းသစ်ရှာဖွေရန် ညွှန်ကြားထားကြောင်း နည်းပြ မော့တာ အတည်ပြု
Photo: Forza Juventus
Photo: Forza Juventus
Published 5 August 2024

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းအား အကြီးစားပြင်ဆင်မှုများပြုလုပ်သွားရန် ရည်ရွယ်ထားပြီး လက်ရှိတွင် အသင်း၏အီတလီလက်ရွေးစင်ကြယ်ပွင့် ကစားသမား ခီယေဆာအပါအဝင် စီနီယာကစားသမား (၉)ဦးအား လမ်းခွဲရန်စီစဉ်နေပြီး သက်ဆိုင်ရာကစားသမားများအနေဖြင့် အသင်းသစ်ရှာဖွေရန် အသိပေးထားကြောင်း နည်းပြဖြစ်သူ သီယာဂိုမော့တာက အတည်ပြုပြောကြားခဲ့သည်။

အီတလီဘောလုံးလောက၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းသည် ယခုနောက်ပိုင်းရာသီများတွင် မကြာခဏဆိုသလိုရုန်းကန်နေရပြီး နောက်ဆုံး (၄)ရာသီဆက် စကူဒက်တိုချန်ပီယံဆုအား လက်လွှတ်ခဲ့ရသလို ကိုပါအီတာလီယာဖလား (၂)ကြိမ်နှင့် အီတလီစူပါဖလား (၁)ကြိမ်သာရယူနိုင်ခဲ့သည့်အတွက် အသင်းအား ရေရှည်စီမံကိန်းများနှင့်အတူ ကြီးကြီးမားမားပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ဇူလိုင် (၁)ရက်နေ့က အသင်း၏နည်းပြသစ်အဖြစ် အီတလီလူမျိုးနည်းပြ သီယာဂိုမော့တာအားခန့်အပ်ခဲ့ပြီး ကစားသမားသစ်ခေါ်ယူမှုများ၊ ရောင်းချမှုများကိုဆက်တိုက်ဆိုသလိုပြုလုပ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၄ နွေစျေးကွက်အတွင်း ဘရာဇီးလ်ကွင်းလယ်လူ ဒူးဂလပ်စ်လူးဝစ်ဇ်၊ အီတလီဂိုးသမား ဒီဂရီဂိုရီယို၊ ပြင်သစ်ကွင်းလယ်လူ ခီဖရန်သူရမ်နှင့် ကိုလံဘီယာကွင်းလယ်လူ ကာဘယ်လ်တို့အားခေါ်ယူထားပြီး ၀ါရင့်နောက်ခံလူ အဲလက်စ်ဆန်ဒရို၊ ကွင်းလယ်လူ ရာဘီယူ၊ ကားလို့စ်အယ်လ်ကာရက်ဇ်နှင့် တိုက်စစ်မှူး မွိုက်စ်ကိန်းတို့အပါအဝင် စီနီယာကစားသမား (၅)ဦးနှင့် လမ်းခွဲထားကြောင်းသိရသည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင်လည်း ကြယ်ပွင့်ကစားသမားသစ်များကိုထပ်မံခေါ်ယူရန်စီစဉ်နေသောကြောင့် အသင်းရှိ ကြံ့ခိုင်မှုမပြည့်ဝသူများ၊ သက်ကြီးကစားသမား များနှင့် ခြေစွမ်းပြရန်ရုန်းကန်နေရသူများအပါအဝင် ကစားသမား (၉)ဦးကို လမ်းခွဲတော့မည်ဟု အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

အီတလီနာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနို၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ကြယ်ပွင့်တောင်ပံကစားသမား ခီယေဆာ၊ နောက်ခံလူ ရူဂါနီနှင့် ကွင်းလယ်လူများဖြစ်သည့် မယ်လို၊ ကော့စတစ်၊ မက်ကန်နီးတို့အပါအဝင် ကစားသမားအများစုအား ယခုနွေရာသီတွင် လမ်းခွဲမည်ဖြစ်ပြီး ယင်းနောက် ကွင်းလယ်နှင့် ခံစစ်ပိုင်းအတွက် ကစားသမားသစ်များထပ်မံအားဖြည့်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အသင်း၏ အပြောင်းအရွှေ့အခြေအနေများနှင့် ပတ်သက်ပြီး နည်းပြဖြစ်သူ မော့တာက ''သူတို့ (လမ်းခွဲမည့်ကစားသမားများ) အားလုံး အသင်းရဲ့အနာဂတ်စီမံကိန်းထဲက ထွက်ခွာရမှာဖြစ်ပြီး၊ အသင်းသစ်ရှာဖို့ အသိပေးထားပါတယ်'' ဟု အတည်ပြုပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်း လမ်းခွဲမည့်ကစားသမား (၉)ဦး

    အမည်    နိုင်ငံ    ကစားသည့်နေရာ


ခီယေဆာ    အီတလီ    တောင်ပံ

ဆဇက်ဆနီ    ပိုလန်    ဂိုး

မက်ကန်နီး    အမေရိကန်    ကွင်းလယ်

မီလစ်ခ်    ပိုလန်    တိုက်စစ်

ဒီချီဂလီယို    အီတလီ    နောက်တန်း

ရူဂါနီ    အီတလီ    နောက်တန်း

မယ်လို    ဘရာဇီးလ်    ကွင်းလယ်

ကော့စတစ်    ဆားဘီးယား    ကွင်းလယ်

ကာဗီဂလီယာ    အီတလီ    ကွင်းလယ်

Most Read

Most Recent