အီရန်ကျောထောက်နောက်ခံပြုဟက်ကာများက အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့၏မဲဆွယ်စည်းရုံးရေးအဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု Google အတည်ပြု

အီရန်ကျောထောက်နောက်ခံပြုဟက်ကာများက အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့၏မဲဆွယ်စည်းရုံးရေးအဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု Google အတည်ပြု
စည်းရုံးရေးဆင်းနေသည့် အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့ကို ဇူလိုင် ၃၁ ရက်တွင် သီးခြားစီတွေ့ရပုံ(Photo: AP)
စည်းရုံးရေးဆင်းနေသည့် အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့ကို ဇူလိုင် ၃၁ ရက်တွင် သီးခြားစီတွေ့ရပုံ(Photo: AP)
Published 15 August 2024

အီရန်ကျောထောက်နောက်ခံပေးထားသော ဟက်ကာများသည် အမေရိကန်သမ္မတလောင်းများဖြစ်သော ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့၏ မဲဆွယ်စည်းရုံးရေးအဖွဲ့များကို ပစ်မှတ်ထားနေသည်ဟု သြဂုတ် ၁၃ ရက်တွင် Google ကအတည်ပြုခဲ့သည်။

အီရန်၏အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်နှင့်ဆက်နွှယ်နေသော APT42 ဆိုသည့် ဟက်ကာအုပ်စုသည် အစ္စရေးနှင့် အမေရိကန်တို့ရှိ အထင်ကရပုဂ္ဂိုလ်များကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။ ယင်းသို့ ပစ်မှတ်ထားနေသည့်အထဲတွင် အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့များလည်း ပါဝင်နေသည်ဟု Google ကထုတ်ပြန်သော ခြိမ်းခြောက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြိုင်ဘက် ဒေါ်နယ်ထရန့်၏ စည်းရုံးရေးအဖွဲ့ကို အီရန်ဟက်ကာတို့ပစ်မှတ်ထားနေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းတွင် ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟဲရစ်၏စည်းရုံး ရေးအဖွဲ့ကလည်း ၎င်းတို့ကို ပြည်ပဟက်ကာများက ပစ်မှတ်ထားနေသည်ဟု သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“ဇူလိုင်လထဲမှာပဲ ပြည်ပဟက်ကာအဖွဲ့တွေက ပစ်မှတ်ထားနေတယ်ဆိုတဲ့အကြောင်းကို FBI က စည်းရုံးရေးအဖွဲ့ရဲ့ဥပဒေရေးရာအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တို့ကို အသိပေးလာခဲ့ပါတယ်”ဟု ဟဲရစ်စည်းရုံးရေးအဖွဲ့တာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ ခိုင်မာတဲ့ ဆိုက်ဘာလုံခြုံရေးအစီအမံတွေရှိထားပါတယ်။ အဲဒီကြိုးပမ်းမှုတွေကြောင့် ကျွန်တော်တို့ စနစ်တွေရဲ့လုံခြုံရေးတွေ ချိုးဖောက်ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိမထားမိပါဘူး”ဟု ၎င်းက ပြောကြားသည်။

Google ၏ ခြိမ်းခြောက်မှု လေ့လာဆန်းစစ်ရေး အုပ်စုသည် သမ္မတဂျိုးဘိုင်ဒင်၊ ဒုတိယသမ္မတကာမလာဟဲရစ်၊ ဒေါ်နယ်ထရန့်တို့နှင့်ဆက်စပ်နေသော လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးကိုယ်တာအကောင့်များကို တိုက်ခိုက်ရန် APT42 ဟက်ကာအုပ်စု၏မအောင်မြင်သော ကြိုးပမ်းမှုများကို ဆက်လက်မြင်နေရသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဟက်လုပ်သော အုပ်စုသည်ပစ်မှတ်တို့ အကြောင်းကို သတင်းအစအနကောက်ခြင်း၊ Gmail လို အကောင့်များအတွက် log-in အချက်အလက်များ ပေးလာစေရန် ပစ်မှတ်များကို လှည့်စားရေးအတွက်အရေးကြီး အချက်အလက်များ ခိုးယူခြင်းတို့ဖြင့် လှုပ်ရှားကြသည်။

Google အစီရင်ခံစာတွင်ဖော်ပြထားသော ဥပမာများထဲတွင် အကြံပေးအဖွဲ့ သို့မဟုတ် အခြားယုံကြည်စိတ်ချရသောအဆက်အသွယ်တို့က ပစ်မှတ်ထားခံရသူများအနေဖြင့် log-in ဝင်ရန်လိုအပ်သည့် ဗီဒီယိုအစည်းအဝေး page အတုများကို ဝင်ရောက်စေရန် စည်းရုံးသည့်ပုံစံပါဝင်သည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ဘိုင်ဒင်နှင့်ထရန့် တို့၏စည်းရုံးရေးအဖွဲ့များကို APT42 အဖွဲ့က ဟက်ရန်ကြိုးပမ်းမှုများကို Google က ဟန့်တားခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် မေလနှင့်ဇွန်လတို့တွင် အီရန်ဟက်ကာအုပ်စု၏ပစ်မှတ်များသည် ဘိုင်ဒင်၊ ထရန့်တို့နှင့်ဆက်စပ်နေသော လူတစ်ဒါဇင်ခန့်၏ကိုယ်ရေးကိုယ်တာ အီးမေးလ်များပါဝင်ခဲ့သည်ဟု ဆိုသည်။    

Ref: AFP

Most Read

Most Recent