သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီး ရော်ဘာခြံအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးပြင်းထန်ဒဏ်ရာများရရှိ

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီး ရော်ဘာခြံအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးပြင်းထန်ဒဏ်ရာများရရှိ
Published 19 August 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးရှိ ရော်ဘာခြံအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင်  ငါးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ 

ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းအချိန်က အဆိုပါ ရဲတံခွန်ကျေးရွာအနီးရှိရော်ဘာခြံတစ်ခြံအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ဒေသခံကဆက်လက်ပြီး “ဩဂုတ် ၁၃ ရက်နေ့ကစပြီးတော့ သံဖြူဇရပ် - အနန်းကွင်း - ဘုရားသုံးဆူလမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဩဂုတ် ၁၅ ရက်နေ့ညပိုင်းမှာ ရဲတံခွန်ရွာဘက်ကို လက်နက်ကြီးတွေကျခဲ့သေးတယ်။ အဲ့ဒီထဲမှာ လက်နက်ကြီးကျည်တစ်လုံးက ရော်ဘာခြံထဲကျပြီးတော့ လူထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာပါ” ဟု ပြောကြားသည်။

ထိုရော်ဘာခြံအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးအောင်မြင့်မှာ အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလးငယ်တစ်ဦး ၊ အသက် ၁၃ နှစ်နှင့်  ၁၆ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊  အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လူငါးဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြကြောင်း ၎င်းဒေသခံက ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများမှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံ နှင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent