ဘာပေ မရှိတော့သော်လည်း မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားကို အနှေးနှင့်အမြန်ဆိုသလို ရယူနိုင်မည်ဟု လူးဝစ်အန်နရီကေး ပြောကြား

ဘာပေ မရှိတော့သော်လည်း မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားကို အနှေးနှင့်အမြန်ဆိုသလို ရယူနိုင်မည်ဟု လူးဝစ်အန်နရီကေး ပြောကြား
Photo : Getty Images
Photo : Getty Images
Published 27 May 2024

PSG အသင်း၏နည်းပြ လူးဝစ်အန်နရီကေးက နာမည်ကျော်တိုက်စစ်မှူး ဘာပေ အသင်းတွင် မရှိတော့သော်လည်း မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားကို အနှေးနှင့်အမြန်ဆိုသလို ရယူနိုင်မည်ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ယခုနွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်သည်။

ဘာပေက ၎င်းပြောင်းရွှေ့မည့် အသင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ရန် သေချာနေပြီဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး၌ အတည်ပြုကြေညာဖွယ်ရှိကြောင်း နီးစပ်သူများက သုံးသပ်ထားသည်။

ဘာပေ မရှိတော့ပါက PSG အသင်းအနေဖြင့် ဥရောပအဆင့်တွင် အောင်မြင်မှုရရှိရန် ပိုမိုအခက်တွေ့ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း နည်းပြ အန်နရီကေးက ချန်ပီယံလိဂ်ဖလား ရယူနိုင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းက ဘာပေ ထွက်ခွာသွားသည့် ကွက်လပ်ကို ပြန်ဖြည့်နိုင်ရန်အတွက် ကစားသမား(၄၊ ၅၊ ၆)ဦး ခေါ်ယူသွားရန် စီစဉ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။ "ဘာပေရဲ့ နေရာကို ဘယ်လိုအစားထိုးမလဲဆိုတော့ ကစားသမား (၄)ဦး၊ (၅)ဦး၊ (၆)ဦး ခေါ်ယူသွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်တာ အကုန်လုပ်သွားမှာပါ။ ဒီလိုအားဖြည့်မှုတွေလုပ်ပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်း လာမယ့်ရာသီမှာ ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒီအသင်းကို လာချင်တဲ့ ကစားသမားတိုင်းအတွက် ဒါက တကယ့် စိန်ခေါ်မှုပါပဲ။ ကျွန်တော်တို့ သမိုင်းသစ်ရေးချင်ပါတယ်။ ဒီအသင်းက အနှေးနဲ့အမြန်ဆိုသလို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိမှာပါ။ နှစ်တွေ အများကြီး ဖြတ်သန်းရနိုင်ပေမဲ့ အနာဂတ်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ်ဆိုတာတော့ သံသယမရှိပါဘူး"ဟု အန်နရီကေးက ပြောကြားခဲ့သည်။

PSG အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလတွင် တန်ဖိုးကြီးကစားသမားခေါ်ယူမှု အနည်းဆုံးတစ်ဦးအပါအဝင် ထိပ်တန်းကစားသမားများစွာကို အားဖြည့်ကာ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ပစ်မှတ်ထားကြိုးပမ်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

PSG အသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားများထဲတွင် နာပိုလီအသင်းမှ ခွာရတ်စကယ်လီယာနှင့် အိုဆင်မန်၊ မန်ယူအသင်းမှ ရပ်ရှ်ဖို့ဒ်၊ လိုက်ပ်ဇစ်အသင်းမှ ဆက်စ်ကို၊ ခရက်စ်နိုဒါအသင်းမှ ဂိုးသမား ဆာဖိုနော့ဗ်၊ မိုနာကိုအသင်းမှ အက်လီယူချီတို့ ပါဝင်ကြောင်း သိရသည်။

PSG အသင်းသည် ခွာရတ်စကယ်လီယာအတွက် နာပိုလီအသင်းထံ ပေါင်(၈၅)သန်းဖြင့် ကမ်းလှမ်းထားပြီဖြစ်ကြောင်းလည်း အီတလီမီဒီယာအချို့က ဖော်ပြခဲ့ ကြသည်။ 

Most Read

Most Recent