ဒိန်းမတ်အသင်းနှင့် သရေကျခဲ့သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်အတွက် ဆင်ခြေပေးစရာမရှိကြောင်းနှင့် ခြေစွမ်းတိုးတက်ရန် လိုအပ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ် ဝန်ခံ

ဒိန်းမတ်အသင်းနှင့် သရေကျခဲ့သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်အတွက် ဆင်ခြေပေးစရာမရှိကြောင်းနှင့် ခြေစွမ်းတိုးတက်ရန် လိုအပ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ် ဝန်ခံ
Photo: UEFA
Photo: UEFA
Published 22 June 2024

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ဒိန်းမတ်အသင်းနှင့် သရေကျသည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်အတွက် ဆင်ခြေပေးစရာ မရှိကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် ယခုထက်ပိုပြီး ခြေစွမ်းတိုးတက်ရန် လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ဇွန် ၂၀ ရက်က ကစားခဲ့သည့် အုပ်စု (C) ပွဲစဉ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အင်္ဂလန်အသင်းသည် ဒိန်းမတ်အသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။ အဆိုပါပွဲစဉ်တွင် အင်္ဂလန် အသင်းသည် ဒိန်းမတ်အသင်းကို လွှမ်းမိုးက စားနိုင်ခြင်းမရှိသလို ဂိုးကန်သွင်းမှုနှင့် အခွင့် အရေးဖန်တီးမှုပိုင်းတွင်လည်း ဒိန်းမတ်အသင်းက ပိုသာခဲ့သည်။ ထို့ကြောင့် ဒိန်းမတ် အသင်းနှင့်ပွဲအပြီးတွင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်နှင့် အသင်းကစားသမားများမှာ ဘောလုံးဝေဖန်သူများနှင့် ဥရောပမီဒီယာ များ၏ ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဒိန်းမတ်အသင်းအား သရေကျခဲ့သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ဆင်ခြေပေးစရာမရှိကြောင်းနှင့် အသင်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်ရန် လိုအပ်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ 

ဆောက်ဂိတ်က "ကျွန်တော်တို့အနေနဲ့ အသင်းရဲဲ့စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ဆင်ခြေပေးစရာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိခြေစွမ်းကိုလက်ခံရမှာဖြစ်ပြီး တာဝန်ယူဖြေရှင်းရမှာပါ။ ဒိန်းမတ်နဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းက ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ခြေစွမ်းမျိုး မဟုတ်တာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘောလုံးကို မျှော်လင့်ထားသလို မကစားနိုင်ခဲ့တာကြောင့် တချို့အချိန်တွေမှာ ပြိုင်ဘက်အသင်းရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို ဖြေရှင်းဖို့ ကြိုးစားရမှာဖြစ်ပြီး ခြေစွမ်းပိုင်း အခုထက်ပိုပြီး တိုးတက်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် ဒိန်းမတ်အသင်းအား သရေကျသည့်ပွဲတွင်လည်း ကွင်းလယ်တွင် ဒက်ကလန်ရိုက်စ်နှင့် အာနိုးလ်တို့ကိုပင် တွဲဖက်ပွဲထုတ်ခဲ့သည်။ သို့သော် ကစားသမားနှစ်ဦးစလုံး ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိဘဲ အာနိုးလ်မှာ ပွဲချိန် ၅၄ မိနစ်တွင် ဂယ်လာဂါနှင့် လူစားလဲခံခဲ့ရသည်။ ဆောက်ဂိတ်သည် ယခု ယူရိုပြိုင်ပွဲတွင် ညာနောက်ခံကစားသမား အာနိုးလ်အား ကွင်းလယ်တွင် ဒက်ကလန်ရိုက်စ်နှင့် တွဲဖက်အသုံးပြုနေပြီး အာနိုးလ်မှာ မျှော်မှန်းထားသလို ခြေစွမ်းပြနိုင်ခြင်း မရှိသေးသဖြင့် ဘောလုံးသုံးသပ်သူများနှင့် မီဒီယာများ၏ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ 

ယခုအခါ ဆောက်ဂိတ်က အာနိုးလ် အား ကွင်းလယ်တွင် အသုံးပြုခြင်းမှာ စမ်းသပ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ အရင်တုန်းက ကစားခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်ရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်အဖျက်ကစားသမား စစ်စစ် မရှိတာကြောင့် အာနိုးလ်ကို စမ်းသပ်ပြီး အသုံးပြုနေတာပါ။ အာနိုးလ်အနေနဲ့ တချို့အခိုက်အတန့်တွေမှာ ကျွန်တော်တို့မျှော်လင့်ထားသလို စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အခုတော့ ထင်မှတ်ထားသလို အလုပ်မဖြစ်ပါဘူး။ ဒါကတော့ သိသာပါတယ်"ဟု ဆောက်ဂိတ် က ပြောကြားခဲ့သည်။ 

အင်္ဂလန်အသင်းသည် ဒိန်းမတ်အသင်း အား သရေသာ ကစားနိုင်ခဲ့သော်လည်း အုပ်စု (C) တွင် ပွဲစဉ်နှစ်ပွဲ ကစားပြီးချိန်၌ ရမှတ် လေးမှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး ဒိန်းမတ် (နှစ်မှတ်)၊ ဆလိုဗေး နီးယား(နှစ်မှတ်)နှင့် ဆားဘီးယား(တစ်မှတ်) တို့ အစဉ်လိုက် ရပ်တည်နေသည်။ အင်္ဂလန် အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန် ၂၅ ရက်တွင် ဆလိုဗေးနီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိ ယူရိုပြိုင်ပွဲ တွင် အုပ်စုတတိယအကောင်းဆုံး လေးသင်း ပါ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့်ရှိနေသည့်အတွက် အင်္ဂလန်အသင်းမှာ နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်းနေသည်။ 

Most Read

Most Recent