ရီးယဲလ်သို့ ပြောင်းရွှေ့ခြင်းသည် ငယ်ဘဝအိပ်မက် အမှန်တကယ်ဖြစ်လာခြင်းဟု ဘာပေ ပြောကြားခဲ့ပြီး  ကြယ်စင်စုအသင်း ထပ်မံတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများ သုံးသပ်

ရီးယဲလ်သို့ ပြောင်းရွှေ့ခြင်းသည် ငယ်ဘဝအိပ်မက် အမှန်တကယ်ဖြစ်လာခြင်းဟု ဘာပေ ပြောကြားခဲ့ပြီး  ကြယ်စင်စုအသင်း ထပ်မံတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများ သုံးသပ်
Photo: Goal
Photo: Goal
Published 5 June 2024

 

ရီးယဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခြင်းမှာ ငယ်ဘဝအိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည် ဇွန် ၃၀ ရက်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် ဘာပေကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် မေ ၃ ရက်က အတည်ပြုကြေညာခဲ့သည်။ ရီးယဲလ်အသင်းတွင် ဘယ်လင်ဟမ်၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ ကစားသမား အန်းဒရစ်တို့နှင့်အတူ ဘာပေပါ ထပ်ရောက်လာခြင်းက ကြယ်စင်စုအသင်း ထပ်မံတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက သုံးသပ်ခဲ့ကြသည်။

ရီးယဲလ်အသင်းက အသင်းကစားသမားသစ်အဖြစ် တရားဝင်ကြေညာပြီးနောက် ဘာပေက သူ၏ Instagram တွင် "ဒီအချိန်မှာ ကျွန်တော် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမလဲဆိုတာ ဘယ်သူမှ နားလည်နိုင်မှာမဟုတ်ပါဘူး။ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါ။ ကျွန်တော့်ရဲ့ အိပ်မက်တွေထဲက အသင်းနဲ့ လက်တွဲခွင့်ရလို့ ကျွန်တော် အရမ်းကိုပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်"ဟု ရေးသားခဲ့သည်။ 

ဘာပေ (၂၅ နှစ်) သည် PSG အသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲတော့မည်ဟု ပြောကြားခဲ့ကတည်းက ရီးယဲလ်အသင်းသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း အားလုံးက ထင်ကြေးပေးထားကြပြီးဖြစ်သော်လည်း ယခုမှ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်း၏ ကြေညာချက်၌ ဘာပေသည် လာမည့်ငါးရာသီ၌ ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားအဖြစ် ရပ်တည်သွားရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသာ ရေးသားထားသော်လည်း ဘာပေ၏ကစားပုံများအား ဗီဒီယိုဖိုင်ပြုလုပ်ကာ #WelcomeMbappe ဟူသည့် စာတန်းနှင့်အတူ ဝက်ဘ်ဆိုက်တွင် တင်ခဲ့ကြောင်းလည်း သိရသည်။

ဘာပေနှင့် ရီးယဲလ်အသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ရာသီအဆုံးသတ်ချိန်မှ အတည်ပြုကြေညာရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းသည် ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း လက်မှတ်ထိုုးကြေးအဖြစ် ယူရိုသန်း ၁၅၀ ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

ဘာပေသည် ရီးယဲလ်အသင်းတွင် လစာအဖြစ် တစ်နှစ်လျှင် ယူရို ၁၅ သန်းသာ ရရှိမည်ဖြစ်သော်လည်း ပုံရိပ်မူပိုင်ခွင့်အတွက် ရာခိုင်နှုန်းခံစားခွင့်ရှိသည်။ ဘာပေသည် PSG အသင်း၌ နံပါတ် ၇ ဝတ်ဆင်ခဲ့သော်လည်း လာမည့်ရာသီတွင် ရီးယဲလ်အသင်း၌ နံပါတ် ၉ ဝတ်ဆင်သွားမည်ဖြစ်ပြီး ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် အသင်းမှထွက်ခွာသွားချိန်တွင် နံပါတ်၁၀ ကို ပြောင်းလဲဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent