အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ONE-168 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား အာဒိုဂန် ထိုးသတ်မည်

အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ONE-168 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား အာဒိုဂန် ထိုးသတ်မည်
Photo: ONE Championship
Photo: ONE Championship
Published 29 June 2024

 

ONE ပွဲများနှင့် တစ်နှစ်ကျော်ဝေးကွာနေသည့် နာမည်ကြီး မြန်မာဖိုက်တာ အောင်လအန်ဆန်သည် စက်တင်ဘာ (၆)ရက်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ONE-168 ပြိုင်ပွဲတွင် ပြန်လည်ထိုးသတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် တူရကီနိုင်ငံသား ရှာမေးလ်အာဒိုဂန်နှင့် ယှဉ် ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ရမည်ဖြစ်သည်။ 

အာဒိုဂန်သည် ပြီးခဲ့သည့်နှစ်အနည်းငယ်ကမှ ONE Championship အဖွဲ့အစည်းနှင့် လက်တွဲခဲ့ခြင်းဖြစ်ပြီး တစ်ပွဲသာထိုးသတ်ရသေးသူဖြစ်သည်။ အာဒိုဂန်သည် ၂၀၂၃ ခုနှစ် ဇွန် (၂၃)ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ONE Friday Fight-22 ပြိုင်ပွဲ၌ တရုတ် နိုင်ငံသား ဖန်ယုံနှင့် ထိုးသတ်ရာ ဒုတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။ အာဒိုဂန်သည် ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပစ်မှတ်ထားနေသူဖြစ်ပြီး ယင်းဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်သည့် အောင်လအန်ဆန်နှင့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ကို မကြာခဏစိန်ခေါ်နေသူဖြစ်ပြီး ယခုမှသာ အောင်လအန်ဆန်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ အာဒိုဂန်သည် MMA လောကတွင် ရလဒ်ကောင်းရထားသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝ (၉)ပွဲထိုးသတ်ရာတွင် (၉)ပွဲစလုံး အနိုင်ရထားသည်။ အာဒိုဂန်မှာလည်း အောင်လအန်ဆန်ကဲ့သို့ပင် တစ်နှစ်ကျော်ပွဲဝေးပြီးမှ ပြန်လည်ထိုးသတ်ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship အဖွဲ့အစည်းနှင့် ပြီးခဲ့သည့်နှစ်ဝက်မတိုင်မီကတည်းက သက်တမ်းကုန်ဆုံးခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှသာ သက်တမ်းတိုးနိုင်ခြင်းဖြစ်သည်။ ONE Championship အဖွဲ့အစည်းသည် ယခင်က အောင်လအန်ဆန်ကို သက်တမ်းမတိုးသော်လည်း နောက်ပိုင်းမှ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship နှင့် သက်တမ်းတိုးပြီးကတည်းက ပွဲထိုးသတ်ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စက်တင်ဘာမှသာ စီစဉ်ပေးနိုင်ခြင်းဖြစ်သည်။ အောင် လအန်ဆန်သည် ONE Championship တွင် ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်သည်အထိ စွမ်းဆောင်နိုင်ခဲ့သော်လည်း ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ယင်းခါးပတ်နှစ်ခုစလုံး လက်လွှတ်ခဲ့ရသည်။ 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါဖြစ်ပွားပြီးနောက် ထိုးသတ်ရသည့်ပွဲများတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ကာ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ချန်ပီယံခါးပတ်လက်လွှတ်ရပြီးနောက် မစ်ဒယ်ဝိတ်တန်း စိန်ခေါ် ပွဲများသာ ထိုးသတ်လျက်ရှိပြီး စုစုပေါင်း (၅)ပွဲထိုးသတ်ထားရာ (၄)ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည်  ၂၀၂၁ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် မေလအထိ (၅)ပွဲ ထိုးသတ်ထားခြင်းဖြစ်ပြီး နောက်ဆုံး (၃)ပွဲဆက်တိုက် အနိုင်ရထားသော်လည်း  ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်မရသေးကြောင်း သိရသည်။ 

ONE Championship ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရုရှားနိုင်ငံသား မာလီခင်က ရရှိထားပြီး ယခုနှစ် မတ် (၁)ရက်က ထိုးသတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လာမည့် အာဒိုဂန်နှင့် ပွဲတွင် နိုင်ပွဲရရှိပါက ကမ္ဘာ့ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ရရန် အခွင့်အရေးရဖွယ်ရှိနေသည်။