■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 10 May 2024

ဖူလ်ဟမ် - မန်စီးတီး (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ညနေ ၆:၀၀ နာရီ)

စီးတီးက ရာသီပိတ် ဝက်စ်ဟမ်းနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ အဝေးကွင်း နှစ်ပွဲဆက်ကစားမှာဖြစ်ပြီး ဒီပွဲက အဝေးကွင်းပွဲစဉ်ရဲ့ ပထမပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်တယ်။ စီးတီးရဲ့ အမှတ်ပေးဖလားပြိုင်ဘက် အာဆင်နယ်က လန်ဒန်ကလပ်အသင်းဖြစ်ပြီး စီးတီးရဲ့ ရာသီလက်ကျန် (၃) ပွဲစလုံးကလည်း လန်ဒန်ကလပ်အသင်းတွေဖြစ်နေတာ ထူးခြားမှုပါ။ ဖူလ်ဟမ်ဟာ အတိုင်းအတာတစ်ခုအထိ မာကျောတဲ့အသင်းတစ်သင်းဖြစ်ပြီး မထင်မှတ်တဲ့ ရလဒ်တွေ ယူပြတတ်တယ်။ မာကိုဆေးလ်ဗားရဲ့အသင်းမှာ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တဲ့ ကစားသမားကောင်းတွေရှိတယ်။ ဒါပေမဲ့ စီးတီးရဲ့အားကို ဖူလ်ဟမ်တောင့်ခံနိုင်မယ် မထင်ဘူး။ ဒီပွဲမှာ စီးတီး ခြေချော်လက်ချော်ဖြစ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိနေရင် ဒီမျှော်လင့်ချက်က အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ပဲ ပြောရမယ်။ စီးတီးပဲ နိုင်သွားလိမ့်မယ်။ ဂိုးတောင် ပြတ်သွားနိုင်တယ်။ 



ဘုန်းမောက် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

ဘုန်းမောက်နဲ့ ဘရန့်ဖို့ဒ်က ရပ်တည်မှုကွာပေမယ့် လက်ရှိ ရလဒ်ပိုင်း သိပ်မကွာသလို၊ ခြေစွမ်းပိုင်းလည်း သိပ်မကွာကြဘူး။ နှစ်သင်းစလုံးက မာမာကျောကျောကစားနိုင်ကြသလို ကိုယ်ပိုင်ဟန်တွေနဲ့ ကစားကွက်လည်း ရှိတယ်။ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆိုလန်ကီနဲ့ အိုင်ဗန်တိုနေးတို့လည်း အားကိုးရပါတယ်။ အသင်းကို ဦးဆောင်နိုင်ကြတယ်။ ကစားကွက်ပိုကောင်းတဲ့ ဘုန်းမောက်ကိုတော့ ပိုကြိုက်တယ်။ 



အဲဗာတန် - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်က နောက်ဆုံး (၄)ပွဲမှာ (၁၀)မှတ်အထိ ရယူနိုင်ခဲ့တယ်။ အနိုင်ရတဲ့ (၃) ပွဲစလုံး Clean Sheet ရယူနိုင်ခဲ့တဲ့ အဲဗာတန်ရဲ့ ခံစစ်ကစားပုံကလည်း အတော့်ကိုတိုးတက်လာတယ်။ တန်းဆင်းခဲ့ပြီဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ကတော့ စိတ်ပျက်စရာပုံစံနဲ့ပဲ ဂိုးအလှူပေးနေရတယ်။ အဲဗာတန်အနိုင်သေချာပြီး ဂိုးတောင်ပြတ်သွားနိုင်တဲ့ပွဲမျိုးပါပဲ။ (၃-၀)၊ (၃-၁) ရလဒ်တွေ ဖြစ်နိုင်တယ်။



နယူးကာဆယ် - ဘရိုက်တန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်တို့က အဆင့် (၈) ဖြစ်မသွားအောင် ကစားရမယ့် အသင်းတွေဖြစ်တယ်။ အမှတ်တွေက သိပ်မကွာဘူး။ လက်ရှိ ခြေစွမ်းအကောင်းဆုံးနဲ့ Rhythm အမှန်ဆုံးက နယူးကာဆယ်ပါ။ ဘရိုက်တန်ကလည်း ကစားပုံကောင်းတဲ့ အသင်းဆိုပေမယ့် နယူးကာဆယ်ရဲ့ မာကျောမှုနဲ့ တိုက်စစ်ကစားပုံကို ပိုကြိုက်တယ်။ နယူးကာဆယ် နို်င်ပွဲဆက်ဦးမယ်။ 



စပါး - ဘန်လေ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

နောက်ဆုံး (၄) ပွဲဆက် ရှုံးခဲ့ပြီး အဲဒီ (၄) ပွဲမှာ (၁၃) ဂိုးအထိ ပေးခဲ့ရတဲ့ စပါးရဲ့အနေအထားက တော်တော်လေး စုတ်ပြတ်သတ်နေတယ်လို့ပဲ ပြောရမယ်။ ဘန်လေကလည်း အမှတ်တွေရှာဖွေရမယ့် အချိန်မှာတောင် ရလဒ်တွေက တက်မလာဘူး။ ပြိုင်ဘက်တွေရဲ့အနေအထားအရ သူတို့ရလဒ်က မဆိုးပါဘူး။ ဒါပေမဲ့ မလုံလောက်တော့ဘူး။ ဒီပွဲပြီးရင် ဘန်လေ တန်းဆင်းပါပြီ။ စပါး နိုင်ပွဲပြန်ယူမယ်။  



ဝက်စ်ဟမ်း - လူတန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

ဝက်စ်ဟမ်းက နည်းပြအပြောင်းအလဲအတွက်ကြေညာပြီးသွားပြီ။ ဒေးဗစ်မွိုက်စ်အတွက် တော်တော်လေး စိတ်ပေါ့ပါးသွားမယ့် ပွဲစဉ်လည်းဖြစ်တယ်။ လူတန်အသင်းက တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်ရမယ့် အနေအထားမှာ ဝက်စ်ဟမ်းက Stress-free ဖြစ်သွားတာ မကောင်းဘူးပဲ ပြောရမယ်။ သေချာပါတယ်။ ဝက်စ်ဟမ်းက ဒီလိုပွဲမျိုးမှာ ပြန်ပေါက်ကွဲပြလိမ့်မယ်။ 



ဝုလ်ဗ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၃၀ နာရီ)

ဝုလ်ဗ်အသင်းက နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲရှုံးပြီး လူတန်တစ်သင်းကိုပဲ အနိုင်ရခဲ့တယ်။ တကယ်တော့ ဝုလ်ဗ်ရှုံးခဲ့တဲ့အသင်းတွေက အာဆင်နယ်၊ ဘုန်းမောက်နဲ့ မန်စီးတီး တို့ ဖြစ်ပြီး အရမ်းအခြေအနေဆိုးတယ်လို့ ပြောလို့မရဘူး။ ခရစ္စတယ်ပဲလေ့စ်ကတော့ အကောင်းဆုံး ကစားပုံနဲ့အကောင်းဆုံး ရလဒ်တွေကို ယူပြနေတာတွေ့ရတယ်။ ဒီပွဲလည်း လက်ရှိခြေစွမ်းအရ ပဲလေ့စ်ကို ကြိုက်တယ်။ 



နော်တင်ဟမ်ဖောရက်စ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

ဖောရက်စ်က ဒီပွဲနိုင်ရင် တန်းမဆင်းရတော့ဘူး။ အခြားတစ်ဖက်မှာ ချယ်လ်ဆီးကလည်း အဆင့် (၆) နေရာအထိ မျှော်လင့်ချက်ရှိတဲ့ အနေအထားဖြစ်နေတယ်။ လက်ရှိခြေစွမ်းပိုင်းအရ ချယ်လ်ဆီးက ပိုကောင်းသလို၊ ကစားကွက်လည်း ပိုငြိမ်လာတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရကစားသမားအချို့လည်း ပြန်ပါလာတာတွေ့ရတယ်။ နော်တင်ဟမ် အမှတ်လိုနေပေမယ့် ချယ်လ်ဆီး နိုင်ပွဲဆက်လိမ့်မယ်။ 

Most Read

Most Recent