အသင်းဥက္ကဋ္ဌ လာပေါ်တာ၏ အထူးယုံကြည်မှုရရှိခဲ့ခြင်းကြောင့် ဘာစီလိုနာတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နည်းပြ ဇာဗီ ဆို

အသင်းဥက္ကဋ္ဌ လာပေါ်တာ၏ အထူးယုံကြည်မှုရရှိခဲ့ခြင်းကြောင့် ဘာစီလိုနာတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နည်းပြ ဇာဗီ ဆို
Photo : Getty Images
Photo : Getty Images
Published 29 April 2024

ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီက မိမိအနေဖြင့် အသင်းဥက္ကဋ္ဌလာပေါ်တာ၏ အထူးယုံကြည်မှုကို ရရှိခဲ့ခြင်းနှင့် အသင်း၏အနာဂတ်စီမံကိန်းများ၊ ကစားသမားများအပေါ် ယုံကြည်မှုရှိခဲ့ခြင်းများကြောင့် အသင်းတွင် ဆက်ရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အသက် (၄၄)နှစ်အရွယ်ရှိဇာဗီသည် ယခုနှစ်အစောပိုင်းက ကွင်းတွင်း၊ ကွင်းပြင်ကိစ္စရပ်အချို့ကြောင့် ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုပြောကြားထားသူဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၎င်း၏စိတ်ကူးကိုပြောင်းလဲကာ လာမည့်ရာသီ ဘာစီလိုနာအသင်းတွင်ဆက်ရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက်နှင့် ဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်သူ ဇာဗီသည် ၂၀၂၁ ခုနှစ်နိုဝင်ဘာတွင် ဘာစီလိုနာအသင်းအားနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် လာလီဂါချန်ပီယံဆုနှင့် စပိန်စူပါဖလားချန်ပီယံဆုများကို ရယူနိုင်ခဲ့သူဖြစ်သည်။ သို့သော် ယခုရာသီတွင်မူ ဘာစီလိုနာအသင်းအနေဖြင့် ရလဒ်မတည်ငြိမ်မှုများနှင့် ရုန်းကန်ခဲ့ရသလို၊ ဖလားလက်မဲ့ဖြစ်ခဲ့ခြင်းကြောင့် ဇာဗီအပေါ် ဖိအားများကျရောက်ခဲ့ပြီး အသင်းနှင့်လမ်းခွဲရန်အထိ အခြေအနေဆိုးရွားခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါအမှတ်ပေးဇယားအဆင့် (၃)နေရာတွင်ရပ်တည်နေသလို (ဧပြီ ၂၉ ရက်နေ့အထိ) စပိန်စူပါဖလားတွင် ဗိုလ်လုပွဲ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ကွာတားဖိုင်နယ်အဆင့်များဖြင့်ကျေနပ်ခဲ့ရပြီး ဖိအားများခဲ့ခြင်းကြောင့် ဇာဗီအနေဖြင့် အနာဂတ်အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဇာဗီအနေဖြင့် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ယခုရက်သတ္တပတ်အတွင်း အသင်းဥက္ကဋ္ဌလာပေါ်တာနှင့် ထိပ်တိုက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အသင်းတွင်ဆက်ရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်အများစုမှာလည်း ဇာဗီ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်လျက်ရှိနေကြောင်း သိရသည်။ ဘာစီလိုနာအသင်းတွင် ဆက်ရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဇာဗီက "ကျွန်တော်ဟာ ဘာစီလိုနာအသင်းရဲ့ အလွန်ကြီးမားတဲ့ ပရိသတ်တစ်ဦးဆိုတာ ခင်ဗျား (မီဒီယာသမားများအားရည်ညွှန်း) တို့သိမှာပါ။ ကျွန်တော့်အနေနဲ့ ဒီအသင်းအတွက် အကောင်းဆုံးအရာတွေပေးစွမ်းနိုင်ဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ (နည်းပြအဖွဲ့)  အသင်းဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး အနာဂတ်အတွက်ဆွေးနွေးခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဥက္ကဋ္ဌရဲ့ ကျွန်တော့်အပေါ် အထူးယုံကြည်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ပြင် အသင်းဘုတ်အဖွဲ့နဲ့ အသင်းနဲ့သက်ဆိုင်သူအားလုံးဟာလည်း ကျွန်တော့်အပေါ်ယုံကြည်မှုပေးခဲ့ပါတယ်။ ဒီအတွက်လည်း အသင်းမှာဆက်ရှိဖို့ဆုံးဖြတ်ခဲ့တာပါ" ဟု သတင်းစာရှင်း လင်းပွဲတွင်ပြောကြားခဲ့သည်။

ထို့ပြင် ဇာဗီက မိမိအနေဖြင့် အသင်း၏အနာဂတ်စီမံကိန်းနှင့် ကစားသမားများအပေါ်တွင်လည်းယုံကြည်မှုရှိကြောင်းနှင့် အနာဂတ်တွင် အောင်မြင်မှုများပြန်လည်ရယူနိုင်ရန် ဥက္ကဋ္ဌနှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကြောင်း၊ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၅ ခုနှစ်အထိ အသင်းတွင်ဆက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent