မန်ယူအသင်းအနေဖြင့် အောင်မြင်မှုများ ပြန်လည်ရယူနိုင်လိမ့်မည်ဟု အသင်းဂန္ထဝင် ဂယ်ရီနဗီးလ် ပြောကြား

မန်ယူအသင်းအနေဖြင့် အောင်မြင်မှုများ ပြန်လည်ရယူနိုင်လိမ့်မည်ဟု အသင်းဂန္ထဝင် ဂယ်ရီနဗီးလ် ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 11 May 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က အသင်းဟောင်းအနေဖြင့် အောင်မြင်မှုများ ပြန်လည်ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် FA ဖလားဗိုလ်လုပွဲ တက်ရောက်ထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲမှာလည်း စောစောစီးစီးထွက်ခွာခဲ့ရသည်။ ထို့ပြင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင်လည်း ရုန်းကန်နေရပြီး ၃၅ ပွဲကစားပြီးချိန်တွင် ရမှတ် ၅၄ မှတ်ဖြင့် အဆင့်ရှစ်နေရာအထိ ရောက်ရှိနေပြီး ဂိုးကွာခြားချက်မှာလည်း (-၃) ဖြစ်နေသည်။ ထို့ကြောင့် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီကုန်တွင် ရာထူးမှထုတ်ပယ်ခံရမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

မန်ယူအသင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက ဆုဖလားများ ရယူရန် ရုန်းကန်နေရပြီး ယင်းကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ပေ။ မန်ယူအသင်းအနေဖြင့် ဖာဂူဆန်ထွက်ခွာသွားပြီးနောက် မွိုက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ ရန်းညက်၊ တန်ဟက်ဂ်တို့ကို ခန့်အပ်ခဲ့သော်လည်း ယခုအချိန်အထိ အောင်မြင်မှုများ ရရှိရန်ရုန်းကန်နေရဆဲ ဖြစ်သည်။ သို့သော် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က မန်ယူအသင်းအနေဖြင့် ယခုကဲ့သို့ ကျဆုံးမှုများနှင့် ရင်ဆိုင်ရပြီးနောက် အောင်မြင်မှုများ တစ်ဖန်ပြန်လည်ရယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီနဗီးလ်က "သေချာကတော့ နေဟာ ပြန်ထွက်လာဦးမှာပါ။ မန်ယူအသင်းကလည်း အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်။ ဒါက သေချာပါတယ်။ မန်ယူ အသင်းအနေနဲ့ ဘယ်တော့အောင်မြင်မှုတွေ ရမယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ အာမခံချက်လည်း ကျွန်တော် မပေးနိုင်ပါဘူး။ ဒါပေမဲ့ လောကမှာ အကောင်းနဲ့ အဆိုးဟာ သံသရာလည်နေတာပါ။ ကျွန်တော် ကလေးဘဝတုန်းကဆိုရင် လီဗာပူးလ်၊ အဲဗာတန်နဲ့ အာဆင်နယ်အသင်းတို့ ဆုဖလားတွေကို ကိုင်မြှောက်ပြီး အောင်ပွဲခံတာကိုချည်း ကြည့်ခဲ့ရတာပါ။ ကျွန်တော် အသက် ၁၈၊ ၁၉ လောက်မှာတော့ မန်ယူအသင်းဟာ ကျွန်တော့်ဘဝတစ်လျှောက် ပထမဆုံး အမှတ်ပေးဖလား(ပရီးမီးယားလိဂ်)ကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ ဖလားတွေဆက်တိုက် ရယူနိုင်ခဲ့တယ်။ အခု မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု မရယူနိုင်တာ ဆယ်နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ မန်ယူ အသင်း ဆုဖလားတွေ ပြန်လည်ရယူနိုင်မှာပါ။ လီဗာပူးလ်နဲ့ အာဆင်နယ်တို့လည်း ဆုဖလားတွေ ရယူနိုင်ကြမှာပါ။ ထိပ်တန်းအသင်းကြီးတွေဟာ ဘယ်တော့မှ အမြဲတမ်းနစ်မြုပ်မနေပါဘူး။ မန်ယူ၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ဟာ သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ ထိပ်တန်းအသင်းကြီးတွေ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent