အီဗန်နယ်လ်ဆင်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဘုန်းမောက်အသင်း သဘောတူညီမှုရရှိ

အီဗန်နယ်လ်ဆင်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဘုန်းမောက်အသင်း သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 17 August 2024

 

ဘုန်းမောက်အသင်းသည် ပေါ်တိုအသင်းမှ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး  အီဗန်နယ်လ်ဆင်အား ပေါင် ၄၀ ဒသမ ၂ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ 

ဘုန်းမောက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက အသင်းအတွက် အဓိက ခြေစွမ်းပြခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီအား စပါးအသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ ထို့ကြောင့် ဘုန်းမောက် အသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန် အတွက် ပေါ်တိုတိုက်စစ်မှူး အီဗန်နယ်လ်ဆင်အား ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ 

ဘုန်းမောက်အသင်းအနေ ဖြင့် အီဗန်နယ်လ်ဆင်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၁ ဒသမ ၇ သန်းနှင့် စွမ်းဆောင်မှုအပေါ် မူတည်ကာ Add-ons ကြေး ပေါင် ၈ ဒသမ ၅ သန်း ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။ အီဗန်နယ်လ်ဆင်သည် ၂၀၂၀ နွေရာသီတွင် ဘရာဇီးလ်ကလပ် တွန်ဘီလီအသင်းမှ ပေါ်တိုအသင်းထံသို့ ပေါင် ၇ ဒသမ ၅ သန်း ဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

၎င်းသည် ပေါ်တိုအသင်းအတွက် လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၅၄ ပွဲတွင် ဂိုး ၆၀ သွင်းပေးခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ အီဗန်နယ်လ်ဆင် သည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း နှစ်ပွဲ ကစားခွင့်ရထားပြီး ပြီးခဲ့သည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ 

အီဗန်နယ်လ်ဆင်သည် သြဂုတ်လ ၁၆ ရက်(သောကြာနေ့) တွင် ဘုန်းမောက်အသင်းနှင့် ဆေးစစ်ဆေးမှု ခံယူခဲ့ကြောင်း သိရသည်။ ဘုန်းမောက်အသင်းသည် အာဆင်နယ်တိုက်စစ်မှူး အန်ကယ်တီယာအား ခေါ်ယူရန်လည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent