ဝင်ဘယ်လ်ဒန်အမျိုးသမီးဗိုလ်လုပွဲတွင် ခရီချီကိုဗာနှင့် ပါအိုလီနီတွေ့ဆုံပြီး ခုနစ်နှစ်ဆက်တိုက် ချန်ပီယံသစ်ထွက်ပေါ်မည်

ဝင်ဘယ်လ်ဒန်အမျိုးသမီးဗိုလ်လုပွဲတွင် ခရီချီကိုဗာနှင့် ပါအိုလီနီတွေ့ဆုံပြီး ခုနစ်နှစ်ဆက်တိုက် ချန်ပီယံသစ်ထွက်ပေါ်မည်
Photo: X
Photo: X
Published 13 July 2024

 

၂၀၂၄ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ချက်နိုင်ငံသူ ဘာဘိုရာခရီချီကိုဗာနှင့် အီတလီနိုင်ငံသူ ဂျက်စမင်ပါအိုလီနီ တို့တွေ့ဆုံပြီး ခုနစ်နှစ်ဆက်တိုက် ချန်ပီယံသစ်ထွက်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၁ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ခရီချီ ကိုဗာ (ဆီဒင် ၃၁) က ၂၀၂၂ ပြိုင်ပွဲချန်ပီယံ ကာဇက်စတန်နိုင်ငံသူ အယ်လီနာရိုင်ဘာကီ နာ (ဆီဒင် ၄) ကို ၃-၆၊ ၆-၃၊ ၆-၄ ဖြင့်လည်း ကောင်း၊ ပါအိုလီနီ (ဆီဒင် ၇) က ခရိုအေးရှား နိုင်ငံသူ ဒွန်နာဗယ်ကစ်ချ် (ဆီဒင်မဲ့) ကို ၂-၆၊ ၆-၄၊ ၇-၆ (၁၀-၈) ဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ ပါအိုလီနီ နှင့် ဗယ်ကစ်ချ်တို့ ယှဉ်ပြိုင်ကစားသည့်ပွဲမှာ နှစ်နာရီ၊ ၅၁ မိနစ်ကြာမြင့်ခဲ့ပြီး ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ အမျိုးသမီးဆီမီးဖိုင်နယ်ပွဲစဉ်များအနက် ပွဲချိန်အကြာဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဗိုလ်လုပွဲတက်ရောက်လာသည့် ကစားသမားနှစ်ဦးအနက် အသက် ၂၈ နှစ်ရှိပြီဖြစ်သူ ခရီချီကိုဗာမှာ ၂၀၂၁ ပြင်သစ်အိုးပင်းပြိုင်ပွဲ၌ ဗိုလ်စွဲဖူးပြီး ဒုတိယမြောက် ဂရင်းစလင်းချန် ပီယံဆုအတွက် ကြိုးပမ်းရမည်ဖြစ်သည်။ ပါအိုလီနီ (၂၈ နှစ်) မှာမူ ဂရင်းစလင်းချန်ပီယံဆု မရဖူးသော်လည်း ပြင်သစ်အိုးပင်းနှင့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် ပါအိုလီနီသည် Open Era ၌ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံး အီတလီနိုင်ငံသူ အဖြစ်လည်းကောင်း၊ ဆရီနာဝီလျံ (၂၀၁၆) နောက်ပိုင်း ပြင်သစ်အိုးပင်းနှင့် ဝင်ဘယ်လ်ဒန် နှစ်ပွဲဆက် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံးအမျိုးသမီးတင်းနစ်မယ်အဖြစ်လည်းကောင်း မှတ်တမ်းဝင်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် ယခင်က တစ်ကြိမ်သာတွေ့ဆုံဖူးပြီး ၂၀၁၈ သြစတြေးလျအိုးပင်းပြိုင်ပွဲ၌ ခရီချီကိုဗာက ၆-၂၊ ၆-၁ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ တွင် စတင်ကျင်းပမည်ဖြစ်ပြီး ခုနစ်နှစ်ဆက်တိုက် ချန်ပီယံသစ်ထွက်ပေါ်ခြင်းမှာ ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

Most Read

Most Recent