ဗလာဟိုဗစ်သည် အမြဲညည်းတွားနေသူဖြစ်ပြီး ၎င်းထက် မီလစ်ခ်က ပိုကောင်းကြောင်း အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဝေဖန်

ဗလာဟိုဗစ်သည် အမြဲညည်းတွားနေသူဖြစ်ပြီး ၎င်းထက် မီလစ်ခ်က ပိုကောင်းကြောင်း အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဝေဖန်
Photo: Forza Juventus
Photo: Forza Juventus
Published 26 September 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်သည် အမြဲတမ်းညည်းတွားနေသူဖြစ်ပြီး ၎င်းထက် ပိုလန်ဝါရင့်တိုက်စစ်မှူး မီလစ်ခ်က ပိုကောင်းကြောင်း ဝေဖန်ခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၆) ပွဲတွင် (၂) ဂိုးသာ သွင်းယူနိုင်ထားသေးသည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် စီးရီးအေ (၃) ပွဲဆက်တိုက် ဂိုးမရှိသရေကျခဲ့သဖြင့် တိုက်စစ်ကို ဦးဆောင်ကစားသည့် ဗလာဟိုဗစ်မှာ ဝေဖန်မှုများ ရင်ဆိုင်နေရပြီး ယခုအခါ ဘောလုံးသမားများအား ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသည့် အီီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ကာဆာနိုက ''ဗလာဟိုဗစ်ကို ကျွန်တော် မကြိုက်ပါဘူး။ သူက စိတ်သဘောထားသေးသိမ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ဗလာဟိုဗစ်က ဘာလုပ်ရမှန်းတောင် သိသူမဟုတ်ပါဘူး။ သူလုပ်တတ်တာက ညည်းတွားတာနဲ့ စောဒကတက်တာပါပဲ။ မီလစ်ခ်က သူ့ထက် ပိုကောင်းပါတယ်။ တကယ်လို့ မီလစ်ခ်က ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် သူ့အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူဟာ မော့တာရဲ့ကစားကွက်နဲ့ပိုပြီး ကိုက်ညီလို့ပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent