ယူဂန်ဒါမာရသွန်အပြေးမယ် ချက်တီဂိုင်း ချစ်သူဟောင်း၏ ဓာတ်ဆီလောင်း မီးရှို့မှုခံရပြီးနောက် ရက်ပိုင်းအကြာတွင် သေဆုံး

ယူဂန်ဒါမာရသွန်အပြေးမယ် ချက်တီဂိုင်း ချစ်သူဟောင်း၏ ဓာတ်ဆီလောင်း မီးရှို့မှုခံရပြီးနောက် ရက်ပိုင်းအကြာတွင် သေဆုံး
Photo: Freepressjournal
Photo: Freepressjournal
Published 7 September 2024

 

ယူဂန်ဒါမာရသွန်အပြေးမယ် ရီဘက်ကာချက်တီဂိုင်းသည် ချစ်သူဟောင်း၏ ဓာတ်ဆီလောင်းမီးရှို့မှုခံရပြီးနောက် ရက်ပိုင်းအကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သူ ချက်တီဂိုင်း သည် စက်တင်ဘာ ၁ ရက်က ကင်ညာနိုင်ငံရှိ နေအိမ်တွင် ၎င်း၏ချစ်သူဟောင်း အန်ဒိုင်းမားနှင့် စကား အချေအတင်များပြီးနောက် ဓာတ်ဆီလောင်း၍ မီးရှို့တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်။ ချက်တီဂိုင်းသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ကင်ညာနိုင်ငံရှိ နေအိမ်သို့ ပြန်လာခဲ့သည်။ ၎င်းသည် စက်တင်ဘာ ၁ ရက်က သမီးနှစ်ဦးနှင့်အတူ ဘုရားကျောင်းမှပြန်လာစဉ် နေအိမ်အတွင်း ပုန်းခိုဝင်ရောက်နေသည့် အန်ဒိုင်းမားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

အန်ဒိုင်းမားသည် ချက်တီဂိုင်းနှင့် လမ်းခွဲထားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ကလေးနှစ်ဦးမှာလည်း ၎င်းနှင့်ရရှိထားခြင်း မဟုတ်ဘဲ ယူဂန်ဒါနိုင်ငံ၌နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် ရရှိထားခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ချက်တီဂိုင်းမှာ ခန္ဓာ ကိုယ်၏ ရာခိုင်နှုန်း ၈၀ အထိ မီးလောင်ခံခဲ့ရပြီး အိမ်နီးချင်းများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သို့သော် ၎င်းအနေဖြင့် မီးလောင်ဒဏ်ရာများကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ ပျက်စီးသွားပြီး စက်တင်ဘာ ၅ ရက်က ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

"ကျွန်တော့်သမီးရဲ့ သေဆုံးမှုအတွက် တရားမျှတမှုရရှိစေဖို့ ကင်ညာအစိုးရကို တောင်းဆိုပါတယ်။ အရမ်းကူညီဖေးမတတ်တဲ့ သမီးတစ်ယောက်ကို ကျွန်တော်ဆုံးရှုံးခဲ့ရတာပါ။ သူ့ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ကျွန်တော်စဉ်းစားနေပါတယ်"ဟု ချက်တီ ဂိုင်း၏ ဖခင်ဖြစ်သူ ဂျိုးဆက်ချက်တီဂိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကင်ညာအားကစားဝန်ကြီး မာကိုမန်း ကလည်း ဓဒီဖြစ်ရပ်ဆိုးက ကျား-မ အခြေပြု အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အရေးတကြီး လိုအပ်ကြောင်း ပြတ်ပြတ်သားသား သတိပေးမှုပါပဲ"ဟု ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က ကောက်ယူထားသည့် စစ်တမ်းအရ ကင်ညာနိုင်ငံရှိ အမျိုးသမီးများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုခံရဖူးသည်ဟု ဖြေကြားသူ အနည်းဆုံး ၃၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent