စော်ဘွားကြီးကုန်း၌ ခွင့်ပြုချက်မရှိဘဲ ဂိတ်ထိုးနေသည့် ရန်ကုန်-ပဲခူး ပြေးဆွဲနေသော ယာဉ်လိုင်းဂိတ်နေရာအား အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွှေ့မည်

စော်ဘွားကြီးကုန်း၌ ခွင့်ပြုချက်မရှိဘဲ ဂိတ်ထိုးနေသည့် ရန်ကုန်-ပဲခူး ပြေးဆွဲနေသော ယာဉ်လိုင်းဂိတ်နေရာအား အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွှေ့မည်
Published 4 July 2024

စော်ဘွားကြီးကုန်း၌ ခွင့်ပြုချက်မရှိဘဲ ဂိတ်ထိုးနေသည့် ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် ယာဉ်လိုင်းဂိတ်နေရာအား အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် ယာဉ်များ၏ တံခါးပေါက်များသည် ယာဉ်၏ ဘယ်ဘက်တွင်ရှိသည့်အတွက် ခရီးသည်များ အတက်အဆင်းပြုလျှင် အန္တရာယ်ရှိနိုင်သောကြောင့် ညာဘက်၌ ဖောက်ရန် ညွှန်ကြားထားကြောင်း ဦးလျန်ကျင့်မန်က ပြောကြားသည်။

“အဲဒီ ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ ကားတွေက အရင်တုန်းက စော်ဘွားကြီးကုန်းမှာ ဂိတ်ထိုးတယ်။ အဲလိုဂိတ်ထိုးတဲ့အခါမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်တယ်။ ပြီးတော့ ယာဉ်တွေရဲ့ တံခါးပေါက်တွေက ဘယ်ဘက်မှာ ရှိတော့ ခရီးသည်တွေ အတက်အဆင်းလုပ်တဲ့အချိန်မှာ အန္တရာယ်ရှိတယ်။ အဲတော့ တံခါးပေါက်တွေကိုလည်း ညာဘက်ဖောက်ခိုင်းထားတယ်။ ပြီးတော့ အဲဒီလိုင်းကားတွေက ထိုးမယ်ဆိုရင် ဒဂုံဧရာအဝေးပြေးမှာ ဂိတ်ထိုးရမှာ။ ဒါပေမယ့် ဒဂုံဧရာကျတော့ သူတို့ဝေးတယ်ပြောလို့ အောင်မင်္ဂလာအဝေးပြေးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က နေရာလုပ်ပေးတာ။ ဂိတ်လုပ်ပေးတာပေါ့” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

သင်္ဃကျွန်းမြို့နယ် ဇဝနမှတ်တိုင်အနီးတွင်လည်း ရန်ကုန်-ပဲခူး ပြေးဆွဲသည့် ယာဉ်များရှိပြီး ယခုစီမံချက်တွင် အဆိုပါယာဉ်များ မပါဝင်ကြောင်း ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

“သင်္ဃကျွန်းမြို့နယ် ဇဝနမှတ်တိုင်နားမှာရှိတဲ့ ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ကားတွေတော့ မပါပါဘူး။ သူတို့နဲ့ မဆိုုင်ဘူး။ အခုက စော်ဘွားကြီးကုန်းမှာ ခွင့်ပြုချက်မရှိဘဲ ဂိတ်ထိုးတဲ့ကားတွေကိုပဲ အောင်မင်္ဂလာဘက်ကို ပေးလိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါရန်ကုန်-ပဲခူး ယာဉ်များ၏ ပြောင်းရွှေ့မည့် ဂိတ်နေရာအား အောင်မင်္ဂလာအဝေးပြေး ဂိတ် (၁)အနီး လမ်းဘေးတွင် အဆောက်အအုံဆောက်လုပ်ကာ ဂိတ်ခန်းများ ဖွင့်လှစ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် အစီး ၂၀၊ ၃၀ ခန့် ဂိတ်များတွင် ရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂိတ်ခန်းများဆောက်လုပ်မှုမှာ တစ်ဝက်နီးပါးပြီးနေပြီဖြစ်ကာ ဇူလိုင်လကုန်ခန့်တွင် စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent