ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့တွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့တွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ တွေ့ဆုံ
Published 11 June 2024

ရန်ကုန်တိုင်း ဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော် လေ့ကျင့်ရေးကျောင်းများတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ဇွန် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် သင်တန်းတက်ရောက်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံပွဲများတွင် နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကျောင်းရုံး အစည်းအဝေးခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်နေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ယခုလိုလာရောက်တွေ့ဆုံရသည့် အကြောင်းအရင်းသည် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မည့် စစ်သည်များကို ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပြောကြားရင်း အားပေးစကားပြောကြားလိုခြင်း၊ သင်တန်းကာလတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးလိုခြင်းတို့ကြောင့် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းများကို မိမိတို့ တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာတည်စေခဲ့သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ကြောင်း၊ ယခုသင်တန်းများတွင် တက်ရောက်နေသူများသည် ကိုယ်တိုင်ဆန္ဒပြုသူများဖြစ်သည်ကို သိရှိရပါကြောင်း၊ ကိုယ်တိုင်ဆန္ဒပြု၍ ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ယူပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တပ်မတော်သား တစ်ယောက် ဖြစ်လာပါက ပေးအပ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန် လေးချက်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်ဟုပင် အဓိဋ္ဌာန်ပြုထားပါကြောင်း၊ စစ်သင်တန်းဖြစ်သဖြင့် စနစ်တကျဖြင့် စည်းနှင့် ကမ်းနှင့်အညီ နေထိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နိုးကြားဖြတ်လတ်၍ တက်ကြွရန် လိုအပ်ပါကြောင်း၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေရန်နှင့် ဇွဲသတ္တိရှိရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် အမြဲတမ်းပင် ရှေ့ကမားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်သားများအနေဖြင့် ရဲဘော်မသေ သေသော်ငရဲမလားဆိုသည့် ဆောင်ပုဒ်အတိုင်း ပေးအပ်သည့်တာဝန်ကို ရဲဝံ့ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သင်ကြားပေးသည့် စစ်ပညာများကို ကျွမ်းကျင်စွာ တက်မြောက်သင်ကြားကြရန် လိုကြောင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရန် လိုသကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်သန်စွမ်းရန်လိုအပ်ကြောင်း၊ ပြည်သူက အားထားရသည့် တပ်မတော်သားကောင်းများဖြစ်ရန် လိုအပ်ပါကြောင်းနှင့် လေ့ကျင့်သင်ကြားပေးသည့် စစ်ပညာများကို ကျွမ်းကျင်တက်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်သည့် စစ်သည်ကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားလေ့ကျင့်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် တပ်မှူးတို့က လက်ခံရယူခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ သက်ဆိုင်ရာနည်းပြအရာရှိချုပ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး (၃)ပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဥပဒေအမှတ် (၂၇။၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁)နှင့် (၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent