လွိုင်ကော်မြို့တစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ

လွိုင်ကော်မြို့တစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ
Published 15 June 2024

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း ဝင်ရောက်နေရာယူထားသည် PNLO အဖွဲ့နှင့် PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်လျက်ရှိပြီး လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောက်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ဟိုးပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း (၄၂)မိုင်အား မေ ၂၉ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ၈၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့နောက် လွိုင်ကော်မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောင့်ယှက်မှုပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ်တောရပ်ကွက်တို့အား ဇွန် ၁၄ ရက်တွင် ထပ်မံရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပြင်တစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းဆဲဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းပြီးသည့်နေရာများသို့ လက်နက်ကိုင်များ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဦးဆောင်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ယခုအခါ လွိုင်ကော်မြို့သည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ပြည်သူများ စတင်သွားလာနေထိုင်လျက်ရှိကြရာ ယနေ့(ဇွန် ၁၅ ရက်)နံနက်ပိုင်းတွင် လက်နက်ကိုင်များ မှ မီးရှို့ဖျက်ဆီးခဲ့သည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ(ဗဟို)ဈေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဈေးအတွင်းမီးလောင်ပျက်စီးခဲ့သည့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ သီရိမင်္ဂလာ(တောင်ကွဲ)စေတီ၊ မြို့နာမ်စေတီအပါအဝင် ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများအပါအဝင် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံပြည်သူများ၊ တပ်ရင်း/တပ်ဖွဲ့မှ မိသားစုများ၊ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေတနာရှင်များကလည်း စားစရာနှင့် သောက်ရေသန့်များလှူဒါန်းခဲ့ကြပြီး အဆိုပါလုပ်အားပေးအဖွဲ့များကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနစကမှ ထုတ်ပြန်သည်။

Most Read

Most Recent