ဧပြီ ၂၈ ရက်က မန္တလေး၊ တံတားဦးနှင့် ညောင်ဦးမြို့များတွင်  အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

ဧပြီ ၂၈ ရက်က မန္တလေး၊ တံတားဦးနှင့် ညောင်ဦးမြို့များတွင်  အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်
Published 29 April 2024

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထူးခြားသည့် ‌‌နေ့အပူချိန် ထုတ်ပြန်မှုအရ ဧပြီ ၂၈ ရက်တွင် မန္တလေး၊ တံတားဦးနှင့် ညောင်ဦးမြို့များ၌ အမြင့်ဆုံးနေ့အပူချိန် စံချိန်သစ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၏ ဧပြီလ အမြင့်ဆုံး အပူချိန် စံချိန်ဟောင်းမှာ ၁၉၉၅ ခုနှစ် ဧပြီ  ၃၀ ရက်က ဖြစ်ပေါ်ခဲ့ပြီး ယင်းအပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ ယခု ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်နေ့ တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်မှာ ၄၄ ဒဿမ ၈ စင်တီဂရိတ်ရှိကြောင်း သိရသည်။

ထို့အတူ တံတားဦးမြို့နှင့် ညောင်ဦးမြို့များတွင်လည်း ဧပြီ ၂၈ ရက်က အမြင့်ဆုံးနေ့အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်းသိရသည်။

တံတားဦးမြို့၏ ဧပြီလအမြင့်ဆုံးနေ့အပူချိန် စံချိန်‌ဟောင်းမှာ ၁၉၉၅ ခုနှစ် ဧပြီ ၃၀ ရက်က  ၄၄ ဒဿမ ၃ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ယခု စံချိန်သစ်မှာ ၄၅ ဒီဂရီစင်တီဂရိတ် ဖြစ်ကြောင်း၊ ညောင်ဦးမြို့၏ ဧပြီလအပူချိန်စံချိန်ဟောင်းမှာ ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်က ၄၅ ဒဿမ ၂ စင်တီဂရိတ်ဖြစ်ကာ ယခုဧပြီ ၂၈ စံချိန်သစ်မှာ ၄၆ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်နွေကာလတွင် အယ်လ်နီညို ဖြစ်ပေါ်မှုအ‌ခြေအနေများကြောင့်  ပုံမှန်ပူပြင်းလေ့ရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်း‌ဒေသများတွင် လွန်ကဲ နေ့အပူချိန် မြင့်တက်မှုများဖြစ်ပေါ်လျက်ရှိပြီး နေ့စဉ် အပူချိန် တိုင်းတာနှိုင်းယှဉ်မှုများအရ ကမ္ဘာ့အပူဆုံးနေ့အပူချိန် ဖြစ်ပေါ်သည့် မြို့များတွင် မြန်မာနိုင်ငံ အလယ်ပိုင်း‌ဒေသရှိမြို့ များမှာ ထိပ်ဆုံးအဆင့်တွင်ပါဝင်လျက်ရှိသည်။

အယ်လ်နီညိုဖြစ်စဉ်မှာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း ယင်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် ယေဘုယျအကျိုးသက်‌ရောက်မှုများအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ လက်ရှိအယ်လ်နီညိုအ‌ခြေအနေမှာအားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေတွင် ရှိနေ ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ သချင်္ာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ လာမည့်‌ မေလအတွင်း အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေမှ ပုံမှန်နှစ် တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။

Most Read

Most Recent