၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Grade-1 မှ Grade-12 အထိ ကျောင်းတက်ရောက်သူစုစုပေါင်း ၆၅ သိန်းကျော်ရှိ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Grade-1 မှ Grade-12 အထိ ကျောင်းတက်ရောက်သူစုစုပေါင်း ၆၅ သိန်းကျော်ရှိ
Published 4 June 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Grade-1 မှ Grade-12 အထိ ကျောင်းတက်ရောက်သူစုစုပေါင်း ၆၅ သိန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအပါအဝင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများအားလုံး ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဖွင့်လှစ်သည့် ပထမဆုံးရက်တွင် ပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသားကျောင်းသူစုစုပေါင်း ၆၅၃၆၇၁၃ ဦး အပ်နှံပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင်လည်း မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်းနှင့် အထက်တန်းကျောင်း ၄၀၉ ကျောင်းဖြင့် စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ပထမဆုံးရက်၌ ကျောင်းသား ကျောင်းသူ ၁၀၀၇၆၉၅ ဦး တက်ရောက်ကြောင်း သိရသည်။

ယင်းအပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ အထက်တန်းအဆင့်၌ ၃၁၁၀၄ ဦး၊ အလယ်တန်းအဆင့်၌ ၅၆၇၆၆ ဦးနှင့် မူလတန်းအဆင့်၌ ၁၃၅၄၈၀ ဦးရှိပြီး ပထမဆုံးနေ့၌ ကျောင်းသား ကျောင်းသူစုစုပေါင်းဦးရေ ၂၂၃၃၅၀ ရှိကြောင်း သိရသည်။

 အဆိုပါ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ကျောင်းမအပ်နှံရသေးသူများ ဇွန်လအတွင်း ကျောင်းအပ်နှံပါက လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ဆောင်ရွက်ခဲ့ရာတွင် မေ ၂၃ ရက် စတင်ကျောင်းအပ်လက်ခံသည့် ပထမဆုံးနေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့သည်။

ကျောင်းအပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုပါရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပါရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ နှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများစွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြပါရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များအား လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ခဲ့ကာ မေ ၂၃ ရက်တွင် အခြေခံပညာကျောင်းများ စတင်အပ်နှံခဲ့ကြကြောင်း၊ ယင်းပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်ကြားပေးမည့် ဆရာ၊ဆရာများကို ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့်ဆင့်ပွားသင်တန်းများ ပေးထားကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၃၄၃၀၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

Most Read