မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်ကြီးနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း နစက ထုတ်ပြန် 

မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်ကြီးနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း နစက ထုတ်ပြန် 
Published 19 June 2024

မန္တလေးတိုင်းဒေသကြီး မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ဇွန်လ ၁၉ ရက်တွင်  ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသည်  ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

 ဇွန် ၁၉ ရက်  နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန (ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန (ငြိမ်း) တို့သည့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ဇွန် ၂၀ ရက်တွင် ကျင်းပမည့်  ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်းဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ နံနက် ၁၀ နာရီတွင် တံတားဦးလေဆိပ်သို့ရောက်ရှိကြောင်း၊ ထို့နောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်သည် မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လုံခြုံရေးကင်းလှည့်နေသူများနှင့် တွေ့ရှိ၍ ကားကိုရပ်တန့် ခိုင်းရာ မှန်မချပဲ ကားကိုမောင်းနှင်သည့်အတွက် လုံခြုံရေးကင်းလှည့်နေသူများမှ ကားကို ပစ်ခတ်ခဲ့ရာ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်းပါရှိသည့် မန္တလေးတိုင်းသာသနာရေးမှူးက သာသနာရေးဦးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြစာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းတင်ပြစာသည် မှန်ကန်မှု ရှိ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစကက ထုတ်ပြန်ရာတွင် မြို့သာမြို့နှင် ့ပန်းချီကမ္မရွာအကြားတွင် နယ်မြေလုံခြုံရေး ချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်မိုင်းဆွဲတိုက်ခိုက်ချိန်၌ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာအတွင်း မောင်းနှင်ဝင်ရောက်လာရာ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေးသိုး ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း ထုတ်ပြန်သည်။ 

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား သွားရောက်စစ်ဆေးခဲ့ရာ PDF များ၏ မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်တွင် ပျံလွန်တော်မူ​နေသည့် ဆရာတော်တစ်ပါး အပါအဝင် ဒဏ်ရာရရှိနေသည့် ဆရာတော် တစ်ပါးနှင့် ယာဉ်မောင်းတို့ကို တွေ့ရှိသဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။ 

ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်။

မြန်မာနိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် သံဃာတော် ၈၇ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါး ရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ်အတွင်း နစကက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ 

 

Most Read

Most Recent