ဂျာမနီအသင်း စခန်းသွင်းလေ့ကျင့်သည့်နေရာတွင် ခြင်များပေါများနေသဖြင့် အခက်တွေ့နေရကြောင်း နာဂယ်စ်မန်း ဝန်ခံ

ဂျာမနီအသင်း စခန်းသွင်းလေ့ကျင့်သည့်နေရာတွင် ခြင်များပေါများနေသဖြင့် အခက်တွေ့နေရကြောင်း နာဂယ်စ်မန်း ဝန်ခံ
Photo : Daily Mail
Photo : Daily Mail
Published 27 June 2024

ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက ၎င်းတို့အသင်း စခန်းသွင်းလေ့ကျင့်သည့်နေရာတွင် ခြင်များပေါများသဖြင့် အခက်တွေ့နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။

ယူရို ၂၀၂၄ ပြိုင်ပွဲ အိမ်ရှင် ဂျာမနီအသင်းသည် လက်ရှိကျင်းပလျက်ရှိသည့် ယူရိုပြိုင်ပွဲတွင် ရှုံးထွက် (၁၆) သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သည့်အသင်းဖြစ်သည်။ ဂျာမနီအသင်းသည် အုပ်စု (A) တွင် ရှုံးပွဲမရှိဘဲ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၇) မှတ် ရရှိကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျာမနီအသင်း စခန်းသွင်းလေ့ကျင့်နေသည့် Herzogenaurach မှ Adidas Home Ground တွင် ခြင်များပေါများနေခြင်းကြောင့် အသင်းကစားသမားများနှင့် ဝန်ထမ်းများမှာ အခက်တွေ့နေရကြောင်း သိရသည်။ ဂျာမနီနိုင်ငံတွင် ယူရိုပြိုင်ပွဲ မစတင်မီက ရေကြီးခဲ့ခြင်းကြောင့်ခြင်များမှာ ယခင်ကထက် ပေါများပြီး ဂျာမနီကစားသမားများမှာ ခြင်ကိုက်မခံရရန် သတိထားနေရကြောင်းလည်း သိရသည်။

ဂျာမနီအသင်း စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် Adidas Home Ground တွင် Outdoor ရေကူးကန်၊ အဆင့်မြင့် အပန်းဖြေနေရာများနှင့် ထိပ်တန်းကစားသမားများအတွက် လိုအပ်သည့် ထိပ်တန်းပစ္စည်းများအားလုံး ပါဝင်ကြောင်း သိရှိရသည်။ သို့သော် ယင်း Adidas Home Ground ကို သစ်သားများဖြင့် တည်ဆောက်ထားပြီး သစ်သားမှာ ခြင်များ အကြိုက်ဆုံးအရာ ဖြစ်သည်။ ဂျာမနီအသင်းအနေဖြင့် စခန်းလေ့ကျင့်ရာနေရာတွင်ခြင်များ ပေါများနေခြင်းကြောင့် ကစားသမားများအနေဖြင့် ပုံမှန်လုပ်နေကျအရာအချို့ မလုပ်နိုင်ဘဲ ခြင်ကိုက်မခံရရန် အဆောက်အဦးတွင်သာနေထိုင်နေရကြောင်း Bild သတင်းစာက ဖော်ပြခဲ့သည်။

နာဂယ်စ်မန်းက "ကျွန်တော်တို့ ခြင်တွေနဲ့ တိုက်ပွဲဝင်နေရပါတယ်။ ခြင်တွေသိပ်မများအောင်အတွက် လေဝင်လေထွက် ကောင်းအောင် လုပ်ထားရပါတယ်။ ခြင်တွေများလာရင်တော့ ရုံးခန်းထဲ ဝင်နေရပါတယ်"ဟု ပြောကြားခဲ့သည်။

ဂျာမနီအသင်း စခန်းသွင်းလေ့ကျင့်သည့်နေရာတွင် ညနေတိုင်း ခြင်ဆေးများ ဖြန်းလေ့ရှိကြောင်းလည်း သိရသည်။ ဂျာမနီဂိုးသမား နော်ယာက "ခြင်ကိုက် မခံရအောင် ခြင်ထောင်တွေ ထောင်ထားရပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent