မာဆယ်လို၊ ဘန်ဇီမာတို့၏ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးစံချိန်ကို မိုဒရစ်နှင့် နာချိုတို့လိုက်မီခဲ့ပြီး ချန်ပီယံလိဂ်ရရှိပါက ကျော်ဖြတ်နိုင်မည်

မာဆယ်လို၊ ဘန်ဇီမာတို့၏ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးစံချိန်ကို မိုဒရစ်နှင့် နာချိုတို့လိုက်မီခဲ့ပြီး ချန်ပီယံလိဂ်ရရှိပါက ကျော်ဖြတ်နိုင်မည်
Photo: AFP
Photo: AFP
Published 6 May 2024

၂၀၂၃-၂၄ ဘောလုံးရာသီ စပိန်လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်နှင့် စပိန်ဝါရင့်နောက်ခံလူနာချိုတို့သည် ယခုရာသီလာလီဂါချန်ပီယံဆုအားရယူနိုင်ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားဘဝ ပြိုင်ပွဲစုံဆုဖလား (၂၅) လုံးအထိရှိလာခဲ့ပြီး၊ အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရယူနိုင်သူများအဖြစ် မှတ်တမ်းဝင်ထားသည့် ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုနှင့် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ (၂၅ လုံးစီ)တို့၏ စံချိန်ကိုလိုက်မီခဲ့ကြောင်း သိရသည်။

အသက် (၃၈)နှစ်အရွယ်ရှိ ၀ါရင့်ကွင်းလယ်လူ မိုဒရစ်သည် ၂၀၁၂ နွေရာသီအပြောင်းအရွှေ့က စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းကာလများတွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်း၏အဓိက ကွင်းလယ်အင်ဂျင်အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ခြေစွမ်းပြခဲ့သူဖြစ်သည်။

မိုဒရစ်သည် ရီးယဲလ်အသင်းအတွက် (၁၂)ရာသီအတွင်းပြိုင်ပွဲစုံ (၅၂၉) ပွဲကစားရာတွင်၊ (၃၉)ဂိုးသွင်းယူပေးခဲ့ပြီး ယင်းကာလအတွင်း အသင်းနှင့်အတူ ချန်ပီယံလိဂ် (၅) ကြိမ်၊ လာလီဂါ (၄)ကြိမ်အပါအဝင် ဆုဖလား(၂၅)လုံးအထိရယူကာ အသင်းသမိုင်း၏ စံချိန်မှတ်တမ်းကောင်းတစ်ခုကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရီးယဲလ်မက်ဒရစ်၏ စပိန်ဝါရင့်နောက်ခံလူ နာချို (၃၄ နှစ်)မှာလည်း ရီးယဲလ်ကစားသမားဘဝ (၁၄) ရာသီအကြာတွင် စံချိန်တင်ဆုဖလား (၂၅)လုံးအထိရယူနိုင်ခဲ့ကြောင်းသိရသည်။

နာချိုသည် အသက် (၁၁)နှစ်အရွယ် ၂၀၀၁ ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်လူငယ်အကယ်ဒမီသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသက် (၂၁)နှစ်အရွယ် ၂၀၁၁ ခုနှစ်တွင် ရီးယဲလ်အသင်းကြီးအတွက်စတင် ပွဲကစားခွင့်ရရှိခဲ့သူဖြစ်သည်။

နာချိုသည် မိုဒရစ်နှင့်အတူ ဆုဖလားတူညီစွာရရှိခဲ့ခြင်းဖြစ်ပြီး အသင်း၏သမိုင်းကြောင်းတွင် ဂုဏ်ယူစရာပုံရိပ်တစ်ခုအဖြစ် ပါဝင်ခွင့်ရရှိခဲ့ခြင်းအအပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ဆုဖလားစံချိန်မှတ်တမ်းများပိုင်ဆိုင်ခဲ့သည့် မိုဒရစ်နှင့် နာချိုတို့သည် ယခုရာသီကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းများကုန်ဆုံးမည်ဖြစ်ပြီး နှစ်ဦးစလုံး ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည် ဖြစ်ကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မိုဒရစ်နှင့် နာချိုတို့သည် အသင်းသမိုင်း၏ ဆုဖလားစံချိန်မှတ်တမ်းကောင်းတစ်ခုကို လိုက်မီနိုင်ခဲ့သလို၊ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း ဗိုလ်စွဲခဲ့ပါက ဆုဖလား (၂၆)လုံးစီဖြင့် အသင်းသမိုင်းတစ်လျှောက် ဆု ဖလားအများဆုံးရယူနိုင်သည့် ကစားသမားများအဖြစ် စံချိန်မှတ်တမ်းသစ် တင်ရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် အသင်းသမိုင်းတစ်လျှောက် (၃၆) ကြိမ်မြောက် လာလီဂါချန်ပီယံဆုနှင့် အောင်ပွဲဆင်နိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း မှတ်တမ်းကောင်းတစ်ခုကို လိုက်မီခဲ့ကြောင်းသိရသည်။

ရီးယဲလ်အသင်းသည် စီးရီးအေကလပ် ဂျူဗင်တပ်စ် (၃၆ ကြိမ်)နှင့်အတူ ဥရောပထိပ်တန်းလိဂ် (၅)ခုပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံဆုကို အကြိမ်အများဆုံးရယူနိုင်သည့် အသင်းများအဖြစ် ပူးတွဲစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent