ဘာပေအား PSG အသင်းသမိုင်းတွင် အကောင်းဆုံးဟု မှတ်ချက်ပေးခဲ့သည့် ပြင်သစ်ဂန္ထဝင် အွန်နရီ လှောင်ပြောင်ခံရ

ဘာပေအား PSG အသင်းသမိုင်းတွင် အကောင်းဆုံးဟု မှတ်ချက်ပေးခဲ့သည့် ပြင်သစ်ဂန္ထဝင် အွန်နရီ လှောင်ပြောင်ခံရ
Photo: UNFP
Photo: UNFP
Published 9 May 2024

အာဆင်နယ်နှင့် ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီသည် PSG တိုက်စစ်မှူး ဘာပေအား အသင်းသမိုင်းတွင် အကောင်းဆုံးဟု ပြောဆိုခဲ့့သည့်အတွက် လူမှုကွန်ရက်တွင် ဘောလုံးပရိသတ်များ၏လှောင်ပြောင်မှု၊ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မေလ (၇) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် PSG (၀-၁) ဒေါ့မွန်ပွဲတွင် ဘာပေသည် PSG အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းမရှိသလို၊ ခြေစွမ်းပြနိုင်ခဲ့ခြင်းလည်း မရှိပေ။

ဘာပေသည် ဒေါ့မွန်အသင်းကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံး ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ PSG အသင်းမှာလည်း ဒေါ့မွန်အသင်းကို နှစ်ကျော့ပေါင်း (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

PSG (၀-၁) ဒေါ့မွန်ပွဲကို CBS Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူအဖြစ် တင်ဆက်ခဲ့သည့် အွန်နရီက ဘာပေသည် PSG သမိုင်းတွင် နံပါတ်(၁) ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

CBS Sports ရုပ်သံတင်ဆက်သူ ကိိတ်အဒိုးက ဘာပေအနေဖြင့် PSG အသင်းသမိုင်း၏အကြီးကျယ်ဆုံးကစားသမားများထဲတွင် နံပါတ်ဘယ်လောက်လဲဟု မေးမြန်းခဲ့ရာ အွန်နရီက '' ဆွေးနွေးစရာတောင် မလိုပါဘူး''ဟု ဆိုခဲ့သည်။

ယင်းနောက် ကိတ်အဒိုးက ''ဘာပေကို PSG သမိုင်းမှာ အကောင်းဆုံးလို့ ဆိုလိုတာလား''ဟု မေးမြန်းခဲ့ရာ အွန်နရီက ''ဟုတ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဟုတ်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ဘာပေက တစ်ကမ္ဘာလုံးကိုဆွဲဆောင်နိုင်ပြီး PSG သမိုင်းမှာ အကောင်းဆုံးကစားသမားပါ'' ဟု ဆိုခဲ့သည်။

ဘောလုံးပရိသတ်အချို့ကမူ အွန်နရီ၏အမြင်ကို သဘောတူမရှိဘဲ လူမှုကွန်ရက်တွင် ဝေဖန်ခဲ့ကြသည်။

ပရိသတ်တစ်ဦးက ''ရှက်စရာကောင်းလိုက်တာ။ ဘက်လိုက်တဲ့ ရွေးချယ်မှုပဲ''ဟု ရေးသားခဲ့ပြီး အခြားတစ်ဦးက ''နေမာနဲ့ အီဘရာဟီမိုဗစ်တို့က ဘာပေထက်ပိုကောင်းတယ်''ဟု ရေးသားခဲ့ကာ အွန်နရီကို လှောင်ပြောင်ဝေဖန်ခဲ့ကြသည်။ 

Most Read

Most Recent