အမျိုးသားတစ်ဦးဖြစ်သောကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက် တရားစွဲခံရခြင်းလားဟု RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် မေးခွန်းထုတ်

အမျိုးသားတစ်ဦးဖြစ်သောကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက် တရားစွဲခံရခြင်းလားဟု RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် မေးခွန်းထုတ်
Photo: hersports
Photo: hersports
Published 6 April 2024

 

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ ဟောင်း လူးဝစ်ရူဘီယာလက်စ်က မိမိအနေဖြင့် အမျိုးသားတစ်ဦးဖြစ်သောကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက်  တရားစွဲခံရခြင်းလားဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် သည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ချန်ပီယံ စပိန်အမျိုးသမီးအသင်းအား ဆုပေးအပ်ချီးမြှင့်စဉ် တိုက်စစ်ကစားသမား ဂျန်နီဖာဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သောကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရသလို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အကျပ်ကိုင်မှု စွဲချက်များဖြင့် တရားရင်ဆိုင်နေရသည်။ 

အစိုးရရှေ့နေ က ၎င်းအား ထောင်ဒဏ်နှစ်နှစ်ခွဲချမှတ်ရန် တောင်းဆိုထားရာ စပိန်အခြေစိုက် LaSexta ရုပ်သံနှင့် အင်တာဗျူးတွင် ရူဘီယာလက်စ်က ယခုလို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"ဂျန်နီဖာဟာမိုဆိုကို ခင်ဗျားမေးခွန်း မထုတ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ မေးလို့ရတယ်။ ဘာဖြစ်လို့လဲ။ ကျွန်တော်က အမျိုးသားတစ်ယောက် ဖြစ်နေလို့လား။ ကျွန်တော့်အတွက်တော့ ဂျန်နီဖာဟာမိုဆိုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားတာမရှိပါဘူး။ အဲဒီဓာတ်ပုံတွေကို မြင်တဲ့သူတိုင်းက ဒါဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်တယ်လို့ ယူဆကြတာကို ကျွန်တော် နားမလည်နိုင်ဘူး။ အရာအားလုံးရဲ့သားကောင်က ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေပါ" ဟု ရူဘီယာလက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီနိုင်ငံ၌ သွားရောက်ကျင်းပသည့် သဘောတူညီမှုအတွက် Kosmos ကုမ္ပဏီဥက္ကဋ္ဌ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ပီကေးထံမှ လာဘ်ငွေရယူခဲ့ခြင်းမရှိသလို ဆော်ဒီတွင် ဟိုတယ်ဆောက်လုပ်ရန် မြေပိုင်ဆိုင်သည့် သတင်းမှာလည်း အလိမ်အညာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ကျွန်တော်က ဆော်ဒီအာရေဗျမှာ ဘာစီးပွားရေးမှ မလုပ်ဖူးပါဘူး။ ဆော်ဒီအာရေဗျမှာ ဟိုတယ်တွေဆောက်ဖို့ ကျွန်တော့်မှာမြေ ရှိတယ်ဆိုပြီး ဖော်ပြနေတာတွေက အလိမ်အညာတွေပါ။ ကျွန်တော့်ဘဏ်စာရင်းတွေမှာ ရှိတဲ့ငွေက ကျွန်တော့်အလုပ်ကရတာနဲ့ စုဆောင်းထားတာတွေပါ။ Kosmos က ဆော်ဒီအာရေဗျရဲ့ကမ်းလှမ်းမှုကို ယူဆောင်လာတာပါ။ ကျွန်တော်တို့က ပိုကောင်းတဲ့ကမ်းလှမ်းမှုကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ပီကေးဆီက လာဘ်ငွေလက်ခံယူခဲ့တာမျိုး မရှိပါဘူး။ သူက ကျွန်တော့်ကို တစ်စုံတစ်ရာ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကရယူခဲ့တာလည်း မရှိပါဘူး" ဟု ၎င်းက ဆိုသည်။

Most Read

Most Recent