ပရီးမီးယားလိဂ် လက်ကျန် ၁၀ ပွဲအလိုတွင် ထိပ်ဆုံးသုံးသင်း၏ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို Opta ၏ စူပါကွန်ပျူတာခန့်မှန်း

ပရီးမီးယားလိဂ် လက်ကျန် ၁၀ ပွဲအလိုတွင် ထိပ်ဆုံးသုံးသင်း၏ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို Opta ၏ စူပါကွန်ပျူတာခန့်မှန်း
Photo: Opta
Photo: Opta
Published 13 March 2024

 

၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် လက်ကျန် ၁၀ ပွဲအလိုတွင် ဇယားထိပ်ဆုံး၌ အပြိုင်ဖြစ်နေသည့် အသင်းသုံးသင်း၏ ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်းကို Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Opta ၏ စူပါကွန်ပျူတာသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၂၈ အပြီးတွင် လက်ကျန်ပွဲစဉ်အခြေအနေအပေါ်မူတည်၍ အမှတ်ရနိုင်ခြေများကို တွက်ချက်ပြီးနောက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ပွဲစဉ် ၂၈ တွင် လီဗာပူးလ်နှင့် မန်စီးတီးအသင်း ထိပ်တိုက်တွေ့ဆုံပြီး (၁-၁) ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့် နိုင်ပွဲရရှိခဲ့သည့် အာဆင်နယ်အသင်းက ဇယားထိပ်ဆုံးနေရာကို ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် တက်ရောက်လာနိုင်ခဲ့သည်။ ထို့ကြောင့် ချန်ပီယံဖြစ်နိုင်ခြေ တွက်ချက်မှုတွင်လည်း မန်စီးတီးနှင့် လီဗာပူးလ်အသင်း၏ အခွင့်အရေးရာခိုင်နှုန်း အနည်းငယ်စီလျော့ကျသွားပြီး အာဆင်နယ်အသင်း၏ အခွင့်အရေးရာခိုင်နှုန်းမှာ မြင့်တက်လာသည်။

လက်ကျန် ၁၀ ပွဲအလိုတွင် Opta ၏ ခန့်မှန်းထုတ်ပြန်မှုအရ မန်စီးတီးအသင်းက ချန်ပီယံဖြစ်နိုင်ခြေ ၄၅ ဒသမ ၉ ရာခိုင်နှုန်း ဖြင့် ရေပန်းအစားဆုံးဖြစ်နေသေးပြီး လီဗာပူးလ်အသင်းက ၃၅ ဒသမ ၃ ရာခိုင်နှုန်း၊ အာဆင်နယ်အသင်းက ၁၈ ဒသမ ၈ ရာခိုင်နှုန်း ဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ ပွဲစဉ် ၂၈ မတိုင်မီတွင် မန်စီးတီးအသင်း၏ ချန်ပီယံ ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော်လည်း လီဗာပူးလ်အသင်းနှင့် သရေကျပြီးနောက် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ လီဗာပူးလ် အသင်းမှာလည်း ၀ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျသွားပြီး အာဆင်နယ်အသင်းမှာမူ ၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ယခုလာမည့်တစ်ပတ်တွင် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ကို ခြောက်ပွဲအထိ ရွှေ့ဆိုင်းရမည်ဖြစ်ပြီး လေးပွဲသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လက်ကျန်ပွဲစဉ်အနေအထားအရ ဇယားထိပ်ဆုံးနေရာ တက်ရောက်လာနိုင်သည့် အာဆင်နယ်အသင်းမှာ ချယ်လ်ဆီးနှင့် အိမ်ကွင်း၊ မန်စီးတီး နှင့် အဝေးကွင်း၊ ဗီလာနှင့် အိမ်ကွင်း၊ စပါးနှင့် အဝေးကွင်း၊ မန်ယူနှင့် အဝေးကွင်းကျန်ရှိနေပြီး ၁၀ ပွဲအနက် ငါးပွဲအထိ ပွဲကျပ်ကစားရမည့် အခြေအနေရှိသောကြောင့် ရေပန်းစားမှုစာရင်းတွင် ရာခိုင်နှုန်းအနည်းဆုံး သတ်မှတ်ခံထားရခြင်းဖြစ်သည်။

အာဆင်နယ်နှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာဆင်းပေးခဲ့ရသည့် လီဗာပူးလ်အသင်းမှာ မန်ယူနှင့် အဝေးကွင်း၊ စပါးနှင့် အိမ်ကွင်း၊ ဗီလာနှင့် အဝေးကွင်း စသည့်သုံးပွဲသာ ပွဲကျပ်ရင်ဆိုင်ရဖွယ်ရှိသည်။ လေးရာသီဆက် ချန်ပီယံအိပ်မက်အတွက် ကြိုးပမ်းရမည့် မန်စီးတီးအသင်းမှာလည်း အာဆင်နယ်နှင့် အိမ်ကွင်း၊ ဗီလာနှင့် အိမ်ကွင်း၊ စပါးနှင့် အဝေးကွင်း စသည့်သုံးပွဲသာ ပွဲကျပ်ကျန်ရှိနေသဖြင့် ၎င်းတို့နှင့် လီဗာပူးလ်အသင်းက ပိုရေပန်းစားနေခြင်းဖြစ်သည်။

Most Read

Most Recent