မန်ယူအသင်း၏ ပြဿနာများကိုဖြေရှင်းနိုင်မည့် မှော်တုတ်တံမရှိဟု နည်းပြဟောင်း ဆိုးလ်ရှား သုံးသပ်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်မယူလိုသည့် Gen Z များကို ဝေဖန်ပြစ်တင်

မန်ယူအသင်း၏ ပြဿနာများကိုဖြေရှင်းနိုင်မည့် မှော်တုတ်တံမရှိဟု နည်းပြဟောင်း ဆိုးလ်ရှား သုံးသပ်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်မယူလိုသည့် Gen Z များကို ဝေဖန်ပြစ်တင်
Photo: X
Photo: X
Published 7 March 2024

မန်ယူအသင်း နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားက အသင်း၏ပြဿနာများကို ဖြေရှင်းနိုင်မည့် မှော်တုတ်တံမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်ယူအသင်းအတွက် လူစားဝင်လာပြီးနောက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့သူ ဆိုးလ်ရှားသည် နည်းပြအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာအထိ သုံးနှစ်ကြာကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်နှင့်အတူပြုလုပ်သည့် Stick to Football Podcast အစီအစဉ်တွင် အသင်းဟောင်းနှင့်ပတ်သက်၍ ဆိုးလ်ရှားက ယခုလို သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

''အဲရစ် (တန်ဟက်ဂ်) နဲ့အတူ အောင်မြင်မှုရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒါကို သူလုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင်သစ်တွေက ဘာတွေတွေးနေလဲဆိုတာ မသိနိုင်ပါဘူး။ အဲဒါက ရလဒ်ပိုင်း၊ တစ်ရာသီလုံး တည်ငြိမ်မှုအကြောင်း ဖြစ်လိမ့်မယ်။ အသင်းပိုင်ရှင် ပြောင်းလဲတာမျိုးလိုဖြစ်စေမယ့် မှော်တုတ်တံ ရှိမယ်လို့ ကျွန်တော်မထင်ဘူး။ သူတို့ဆီမှာ တိကျသေချာတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာ သေချာပါတယ်။ ဂလေဇာတွေက စီးပွားရေးလည်ပတ်မှုကို ထိန်းချုပ်ခွင့်ရနေတုန်းပါပဲ။ ဘောလုံးမှာ ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ'' ဟု ဆိုးလ်ရှားက ဆိုသည်။

ထို့ပြင် Gen Z မျိုးဆက် လူငယ်ကစားသမားများ၏ တာဝန်ယူလိုစိတ်နည်းပါးမှုနှင့် ပတ်သက်၍ ဆိုးလ်ရှားက ''အသင်းခေါင်းဆောင်မဖြစ်ချင်ဘူးလို့ ဘယ်သူမှမပြောကြပါဘူး။ အဲဒါက တချို့ပွဲစဉ်တွေမှာပါ။ ဒီပွဲအတွက် အသင်းခေါင်းဆောင်မလုပ်ချင်ဘူးလို့ ပြောကြလားဆိုရင် ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်မပြောချင်ဘဲ တခြားသူတွေကို ကျွန်တော့်ဆီလာပြီး ပြောခိုင်းကြတယ်။ အဲဒါက စိတ်ပျက်စရာပါပဲ။ အဲဒါက ကွဲပြားခြားနားတဲ့မျိုးဆက်ပါပဲ။ အဲဒါ Gen Z တွေပါ။ ဒါက သဘောထားသေးသိမ်ပြီး ရည်မှန်းချက်နည်းပါးမှုကို ပြသနေတာပါ။ ကစားသမားအများစုက မေးခွန်းသုံးခုလောက်ဖြေရမယ့် ပွဲကြိုအင်တာဗျူးတွေ မလုပ်ချင်ဘူးလို့ ပြောကြတယ်။ ဘရူနို (ဖာနန်ဒက်စ်)၊ ဟာရီ (မက်ဂွိုင်းရား) တို့ကတော့ အမြဲတမ်းလုပ်ပါတယ်။ ဗစ်တာ (လင်ဒီလော့ဖ်)၊ ဒေးဗစ် (ဒီဟေးယား)၊ လုခ်ရှောတို့လည်း လုပ်ပါတယ်။ တခြားသူတွေက မေးခွန်းတွေကို စိတ်ပူကြတယ်။ အဲဒါကြောင့် သူတို့မလုပ်ချင်တာပါ။ တုံ့ပြန်မှုတစ်ခုလုံးကို စိုးရွံ့နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကစားသမားတချို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုလည်း နားလည်ထားရပါမယ်'' ဟု ဝေဖန်ပြောကြားသည်။

ဆိုးလ်ရှားသည် နည်းပြလောကနှင့် နှစ် နှစ်ကျော်ကြာ ဝေးကွာနေပြီဖြစ်ပြီး ကမ်းလှမ်းမှုအချို့ရရှိသော်လည်း အဆင်သင့်မဖြစ်သေးဘဲ အချိန်လိုအပ်နေသေးကြောင်း၊ မိမိကိုယ်တိုင်နှင့် မိသားစု စိတ်ချမ်းသာရေးကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားသည်။

Most Read

Most Recent