၂၀၂၄ ခုနှစ်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ အရောင်းရဆုံးဘောလုံးအင်္ကျီစာရင်းတွင်  မက်ဆီ၏အင်္ကျီဦးဆောင်ခဲ့ပြီး ဒုတိယနေရာ၌ ဆွာရက်ဇ်၏အင်္ကျီရပ်တည်ခဲ့

၂၀၂၄ ခုနှစ်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ အရောင်းရဆုံးဘောလုံးအင်္ကျီစာရင်းတွင်  မက်ဆီ၏အင်္ကျီဦးဆောင်ခဲ့ပြီး ဒုတိယနေရာ၌ ဆွာရက်ဇ်၏အင်္ကျီရပ်တည်ခဲ့
Photo: X
Photo: X
Published 12 June 2024

 

၂၀၂၄ ခုနှစ်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ အရောင်းရဆုံး ဘောလုံးအင်္ကျီစာရင်းတွင် အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီ၏အင်္ကျီဦးဆောင်ခဲ့ပြီး ၎င်း၏အသင်းဖော် ဆွာရက်ဇ်၏ အင်္ကျီက ဒုတိယအရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

မေဂျာလိဂ်ပြိုင်ပွဲ၏ ၂၀၂၄ ရာသီမှာ လက်ရှိအချိန်တွင် ရာသီဝက်ကာလ ရောက်ရှိနေပြီဖြစ်ပြီး ယင်းအချိန်၌ မေဂျာလိဂ်အဖွဲ့ချုပ်က အရောင်းရဆုံးအင်္ကျီစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ ကျောနံပါတ်(၁၀)ပါ အင်တာမိုင်ယာမီအသင်းအင်္ကျီမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း မေဂျာလိဂ်ပြိုင်ပွဲ၏ အရောင်းရဆုံး အင်္ကျီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ထို့ကြောင့် မက်ဆီကို ခေါ်ယူခဲ့ခြင်းမှာ အင်တာမိုင်ယာမီအသင်းအတွက် ကွင်းတွင်းကွင်းပြင် အကျိုးအမြတ်များစွာ ဖြစ်ပေါ်စေခဲ့ကြောင်း ချီးကျူးမှုများလည်း ရှိခဲ့သည်။ ယခုနှစ်တွင်မူ အင်တာမိုင်ယာမီအသင်းအနေဖြင့် မက်ဆီ၏အင်္ကျီသာမက ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်၏ အင်္ကျီလည်း များစွာရောင်းချခဲ့ရပြီး အရောင်းရဆုံးစာရင်းတွင် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် အရောင်းရဆုံး (၂၅)ထည်စာရင်း၌ အင်တာမိုင်ယာမီအသင်းမှ ကစားသမား(၅)ဦး၏အင်္ကျီများ ပါဝင်ခဲ့ကြောင်း သိရသည်။ ကျန်ကစားသမား(၃)ဦးမှာ အယ်လ်ဘာ (အဆင့် ၁၈)၊ ဘူးစကွက်စ်(အဆင့် ၂၄)၊ ခရီမက်ချီ(အဆင့် ၂၅) တို့ဖြစ်ကြောင်း သိရသည်။

အင်တာမိုင်ယာမီ၏နောက်တွင် ဆီယက်တဲဆောင်းဒါး အသင်းက ကစားသမား(၄)ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကိုလံဘတ်စ်ခရူအသင်းမှ ကစားသမား(၃)ဦးဖြင့် တတိယအများဆုံးဖြစ်ခဲ့သည်။ နိုင်ငံအလိုက်ဆိုပါက အင်္ကျီအရောင်းရဆုံး ကစားသမား(၂၅)ဦးစာရင်းတွင် အိမ်ရှင်အမေရိကန်ကစားသမားများက (၇)ဦးအထိ ပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။ စပိန်က (၄)ဦး၊ အာဂျင်တီးနားက (၃)ဦး ပါဝင်ခဲ့သည်။ 

အင်တာမိုင်ယာမီအသင်း၏ အင်္ကျီကို Adidas မှ ထုတ်လုပ်ခြင်းဖြစ်သလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်း၏ အင်္ကျီကိုလည်း Adidas မှပင် ထုတ်လုပ်ပြီး မက်ဆီ ဝတ်ဆင်သည့် အဆိုပါ အင်္ကျီနှစ်မျိုးပေါင်း ရောင်းချရမှုမှာ Adidas ၏ အားကစားဝတ်စုံအားလုံးထဲတွင် အရောင်းရဆုံးအဖြစ် ရပ်တည်နေကြောင်းလည်း သိရသည်။ မက်ဆီသည် နှစ်သင်းစလုံး၌ နံပါတ် (၁၀)ကို ဝတ်ဆင်ကစားနေခြင်းဖြစ်သည်။

Most Read

Most Recent