မော်ရင်ဟိုကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်ဖြင့် ဖီနာဘာချီအသင်း ခန့်အပ်ခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ်ထောင်ပေါင်းများစွာ လာရောက်အားပေး

မော်ရင်ဟိုကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်ဖြင့် ဖီနာဘာချီအသင်း ခန့်အပ်ခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ်ထောင်ပေါင်းများစွာ လာရောက်အားပေး
Photo: X
Photo: X
Published 3 June 2024

 

တူရကီကလပ် ဖီနာဘာချီအသင်းသည် နာမည်ကျော် ပေါ်တူဂီနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် (၂)နှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် အတည်ပြုကြေညာခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ယင်းနေ့တွင်ပင် ပြုလုပ်ခဲ့သည်။

မော်ရင်ဟိုသည် ရိုးမားအသင်း၏ နည်းပြရာထူးမှ ဇန်နဝါရီလတွင် ထုတ်ပယ်ခံခဲ့ရပြီးနောက် (၅)လအကြာ၌ အသင်းသစ် ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ စပါး၊ ရိုးမား စသည့် ထိပ်တန်းကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဖီနာဘာချီအသင်းသည် ၎င်း၏ နည်းပြ ဘဝတွင်(၁၀)သင်းမြောက် ကိုင်တွယ်မှုဖြစ်သည်။ 

ဖီနာဘာချီအသင်းသည် ပြီးခဲ့သည့်ရာသီက ကိုင်တွယ်ခဲ့သော နည်းပြ အစ္စမေးလ်ကာတယ်လ်နှင့် မေ (၃၁)ရက်တွင် လမ်းခွဲကြောင်း ကြေညာခဲ့ပြီးနောက် ဇွန်(၂)ရက်တွင် မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သို့ သော် ဇွန် (၁)ရက်ကတည်းက မော်ရင်ဟိုနှင့် ဖီနာဘာချီ အသင်းတို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်ပေါ် ခဲ့ပြီး မော်ရင်ဟိုကလည်း ဖီနာဘာချီပရိသတ်များကို မနက်ဖြန် ဆုံတွေ့ကြမည်ဟု ပြောကြားခဲ့သည်။ 

တနင်္ဂနွေနေ့တွင် မော်ရင်ဟိုသည် တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်းကို အစ္စတန်ဘူလ်လေဆိပ်တွင်ပင် လာရောက်ကြိုဆိုနှုတ်ဆက်သည့် ပရိသတ်အများအပြား ရှိခဲ့သည်။ ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ခ်က မော်ရင်ဟိုနှင့် ၎င်း၏ အပေါင်းအပါများကို ဘောလုံးကွင်းသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

ဖီနာဘာချီအသင်း၏အိမ်ကွင်းဖြစ်သော Sukru Saracoglu Stagium တွင် ပရိသတ်ထောင်ပေါင်းများစွာက မော်ရင်ဟို ကို လာရောက်ကြိုဆိုခဲ့ကြသည်။ မော်ရင်ဟိုသည် အဆိုပါ ကွင်းအတွင်း၌ ဖီနာဘာချီအသင်း၏ နည်းပြသစ်အဖြစ် မိတ်ဆက်မှုပြုလုပ်ခဲ့ပြီး ပရိသတ်များက ၎င်း၏အမည်ကို သံပြိုင်အော်ဟစ်ခဲ့ကြကြောင်းလည်း သိရသည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် မော်ရင်ဟိုက ဖီနာဘာ ချီအသင်း၏ အကျႌကို ကိုင်မြှောက်ကာ "ဒီအကျႌဟာ ကျွန်တော့်ရဲ့ အရေပြားပါပဲ"ဟု ပြောကြားခဲ့သည်။ ထို့ပြင် "ခင်ဗျားတို့ရဲ့ ချစ်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမည်ကို ဖီနာဘာချီအသင်းနဲ့ စပြီးချိတ်ဆက်ခဲ့ချိန်ကတည်းက ဒီအချစ်ကို ခံစားရတာပါ။ ကျွန်တော် ခင်ဗျားတို့ကို ကတိပေးတာကတော့ ကျွန်တော် ခင်ဗျားတို့ရဲ့ မိသားစုဝင်ဖြစ်သွားပြီဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။ 

မော်ရင်ဟိုက တူရကီဘောလုံးလောက တိုးတက်လာအောင် ကူညီပေးသွားချင်သော်လည်း မိမိအတွက် အရေးအကြီးဆုံးအရာမှာ ဖီနာဘာချီအသင်းသာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ မော်ရင်ဟိုသည် ၂၀၀၄ ခုနှစ်တွင် ပေါ်တူဂီမှ ထွက်ခွာခဲ့ပြီး နောက် ဥရောပထိပ်သီး (၅)ခုတွင်သာ ကျင်လည်ခဲ့ပြီး နှစ် (၂၀)အကြာ၌ ထိပ်သီးလိဂ် (၅)ခုပြင်ပသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နိမ့်ပါးလာမှုဟု မှတ်ချက်ပေးသူများလည်း ရှိနေသည်။

Most Read

Most Recent