မြေစေးကွင်းဘုရင် နဒါးလ် ပြင်သစ်အိုးပင်းပြိုင်ပွဲ ပထမအဆင့်မှာပင် နာမည်ကြီး ဂျာမနီ ကစားသမား ဇီဗာရက်ဗ်နှင့်တွေ့ဆုံ

မြေစေးကွင်းဘုရင် နဒါးလ် ပြင်သစ်အိုးပင်းပြိုင်ပွဲ ပထမအဆင့်မှာပင် နာမည်ကြီး ဂျာမနီ ကစားသမား ဇီဗာရက်ဗ်နှင့်တွေ့ဆုံ
Photo: Roland-Garros
Photo: Roland-Garros
Published 25 May 2024

 

မြေစေးကွင်းဘုရင်ဟု သတ်မှတ်ခံထားရသည့် ၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်သည် ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲ ပထမအဆင့်မှာပင် နာမည်ကြီး ဂျာမနီ ကစားသမား ဇီဗာရက်ဗ်နှင့် ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

နဒါးလ် (၃၇ နှစ်) သည် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၂၇၆ အထိ ရောက်ရှိနေသည်။ ၎င်းသည် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် စံချိန်တင်အဖြစ် ၁၄ ကြိမ်အထိ ဗိုလ်စွဲထားသောကြောင့် ပါဝင်ယှဉ် ပြိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး ပထမအဆင့်မှာပင် ဆီဒင် ၄ ကစားသမားဖြစ်သူ ဇီဗာရက်ဗ်နှင့် ပွဲကျပ်ရင်ဆိုင်ရမည်ဖြစ်သည်။ 

ဇီဗာရက်ဗ် (၂၇ နှစ်) မှာ ပြင်သစ်အိုးပင်းမတိုင်မီ နောက်ဆုံးကျင်းပသည့် ရောမမာစတာပြိုင်ပွဲတွင် ဗိုလ်စွဲထားပြီး နဒါးလ် နှင့် ထိပ်တိုက်တွေ့ဆုံမှုတွင်မူ သုံးပွဲသာ အနိုင်ရကာ ခုနစ်ပွဲ ရှုံးနိမ့်ထားသည်။ ၁၂၃ ကြိမ်မြောက် ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေ ၂၆ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးကို ယခင် နှစ်ထက် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်ထားသည်။ 

ပြိုင်ပွဲတစ်ခု လုံးအတွက် ယူရို ၅၃ ဒသမ ၅ သန်း ချီးမြှင့်မည်ဖြစ်ပြီး တစ်ဦးချင်းချန်ပီယံဆုရရှိသူများမှာ ယူရို ၂ ဒသမ ၄ သန်း ရရှိမည်ဖြစ်သည်။ ၂၀၂၃ ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့အဆင့် ၁ ကစားသမား ဂျိုကိုဗစ်နှင့် ရှီအွန်တက်တို့ ဗိုလ်စွဲထားသည်။

Most Read

Most Recent