စက်တင်ဘာလ(၂၁)ရက်တွင်ထိုးသတ်မည့် ဂျိုရှူအာ-ဒူဘွာတို့၏ IBF ဟဲဗီးဝိတ်ချန်ပီယံလုပွဲ ဗြိတိန်တွင် စံချိန်တင်ဖွယ်ရှိ

စက်တင်ဘာလ(၂၁)ရက်တွင်ထိုးသတ်မည့် ဂျိုရှူအာ-ဒူဘွာတို့၏ IBF ဟဲဗီးဝိတ်ချန်ပီယံလုပွဲ ဗြိတိန်တွင် စံချိန်တင်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 31 August 2024

 

နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်(IBF) ချန်ပီယံခါးပတ်အတွက် ဗြိတိန်လက်ဝှေ့သမား နှစ်ဦးဖြစ်သည့် အန်သိုနီဂျိုရှူအာနှင့် ဒန်နီယဲလ်ဒူဘွာတို့ ထိုးသတ်မည့်ပွဲသည် ဗြိတိန်လက်ဝှေ့သမိုင်းတွင် ပရိသတ်စံချိန်တင်မည့် အနေအထားရှိနေကြောင်း သိရသည်။ All-British ဟဲဗီးဝိတ်ချန်ပီယံလုပွဲကို စက်တင်ဘာ(၂၁)ရက်၌ ဝင်ဘလေကွင်းတွင် ထိုးသတ်မည်ဖြစ်သည်။ 

အဆိုပါလက်ဝှေ့ပွဲစီစဉ် သည့် His Excellency အဖွဲ့အစည်းမှ အကြီးအကဲ တာကီအလာရှစ်က ပွဲအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်က အတည်ပြုခဲ့သည်။ သို့သော် ယင်းပွဲအတွက် ကွင်းဝင်ဆံ့ဦးရေ တိုးချဲ့သွားရန် တင်ပြထားကြောင်း သိရသည်။ 

"လက်မှတ်တောင်းဆိုမှု မြင့်မားနေပြီး ဂျိုရှူအာနဲ့ ဒူဘွာပွဲကို စိတ်ဝင်စားမှု မြင့်တက်နေလို့ ဝင်ဘလေကွင်းမှာ ပရိသတ်တိုးချဲ့မယ့် အစီအစဉ်ကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ဝင်ဘလေကွင်းရဲ့လက်ဝှေ့သမိုင်းမှာ ပရိသတ်အများဆုံးပွဲဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟု အလာရှစ်က သူ၏လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။ 

ဝင်ဘလေကွင်းတွင် ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားသည့် လက်ဝှေ့ပွဲမှာ ၂၀၂၁ ခုနှစ်က တိုင်ဆန်ဖျူရီနှင့် ဒယ်လီယန်ဝှိုက်တို့ ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ပရိသတ် (၉၄၀၀၀)ဦး လာရောက်ကြည့်ရှုခဲ့ကြသည်။ ဂျိုရှူအာကိုယ်တိုင်မှာလည်း ဝလာဒီမာ ကလစ်ရှ်ကိုအား ဝင်ဘလေကွင်းတွင်ပင် ပရိသတ် (၉၀၀၀၀)ဦးရှေ့မှောက်တွင် အနိုင်ယူခဲ့ပြီး ယင်းမှာ ဖျူရီ-၀ိှုက်ပွဲမတိုင်မီအထိ အများဆုံးဖြစ်ခဲ့သည်။ 

ဂျိုရှူအာ-ဒူဘွာပွဲမှာ  အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အူဆိုက်က IBF ချန်ပီယံခါးပတ်ကို စွန့်လွှတ်ပြီးနောက် လစ်လပ်လျက်ရှိသည့် ချန်ပီယံဘွဲ့အတွက် ယှဉ်ပြိုင်ရမည့်ပွဲလည်း ဖြစ်လာခဲ့သည်။ ဂျိုရှူအာသည် သူ၏လက်ဝှေ့သမားဘဝ ကမ္ဘာ့ ချန်ပီယံခါးပတ်ကို တတိယအကြိမ်မြောက် ရယူသွားရန် ဆန္ဒရှိနေကြောင်း အတိအလင်း ဝန်ခံထားသည်။ 

ဂျိုရှူအာနေဖြင့် ပရိုလက်ဝှေ့ပွဲ (၃၁)ပွဲ ထိုး သတ်ရာတွင် (၂၈)ပွဲ အနိုင်ရကာ (၂၅)ပွဲ အလဲထိုး ခဲ့ပြီး (၃)ပွဲ အရေးနိမ့်ခဲ့သည်။ ဒူဘွာမှာမူ (၂၃)ပွဲ တွင် (၂၁)ပွဲ အနိုင်ရကာ ပွဲ (၂၀)အလဲထိုးပြီး (၂)ပွဲ အရေးနိမ့်ခဲ့ကြောင်း သိရသည်။ ဒူဘွာသည် ပြီးခဲ့သည့်နှစ် သြဂုတ်လ(၂၃)ရက်က ချန်ပီယံ အူဆိုက်နှင့် ထိုးသတ်ခဲ့ဖူးပြီး (၉)ချီတွင် အလဲထိုးခံရကာ အရေးနိမ့်ခဲ့သည်။

Most Read

Most Recent