လာမည့်နှစ်တွင် ပရိုနည်းပြလိုင်စင်သင်တန်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖွင့်လှစ်ရန် စီစဉ်နေပြီး ပရိုနည်းပြလိုင်စင်ရရှိထားသူများသာ မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရမည်

လာမည့်နှစ်တွင် ပရိုနည်းပြလိုင်စင်သင်တန်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖွင့်လှစ်ရန် စီစဉ်နေပြီး ပရိုနည်းပြလိုင်စင်ရရှိထားသူများသာ မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရမည်
Photo: MFF
Photo: MFF
Published 4 September 2024

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လာမည့်နှစ်တွင် ပရိုနည်းပြလိုင်စင် သင်တန်းဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ MFF သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် ပူးပေါင်း၍ ပရိုနည်းပြလိုင်စင်သင်တန်း ဖွင့်လှစ်မည်ဖြစ်ပြီး အာရှဘောလုံး အဖွဲ့ချုပ် အသိအမှတ်ပြု "A" လိုင်စင်သင်တန်း အောင်မြင်ထားသူများ တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ပရိုနည်းပြလိုင်စင်သင်တန်း တက်ရောက်ရန် ကုန်ကျစရိတ်ကြီးမားသဖြင့် မြန်မာနည်းပြအနေဖြင့် အခြားနိုင်ငံများ၌ ဖွင့်လှစ်သည့် ပရိုနည်းပြသင်တန်းများတွင် တက်ရောက်နိုင်ခြင်းမရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် AFC နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ 

MFF သည် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက ပရိုနည်းပြလိုင်စင်သင်တန်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မဖြစ်မနေ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ လက်ရွေးစင်အသင်းနည်းပြချုပ်နေရာကို ပရိုနည်းပြလိုင်စင်ရရှိထားသူများကို ခန့်အပ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံခြားသားနည်းပြ များကိုသာ ခန့်အပ်တာဝန်ပေးနေရခြင်းဖြစ်သည်။ MFF အနေဖြင့် ပရိုနည်းပြလိုင်စင် သင်တန်းဖွင့်လှစ်ပြီး ပရိုနည်းပြလိုင်စင်ရရှိထားသူများ ထွက်ပေါ်လာမှသာ မြန်မာ့လက်ရွေးစင်အသင်းကို ပြည်တွင်းနည်းပြဆရာများ တာဝန်ပေးအပ်နိုင်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းကို ၂၀၁၁ ခုနှစ်မှစတင်ကာ အမြဲတမ်းနည်းပြအဖြစ် နိုင်ငံခြားသားနည်းပြများသာ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုဝန်းကျင်ကာလအတွင်း မြန်မာနည်းပြများအနေဖြင့် ယာယီနည်းပြအဖြစ် တစ်ပွဲ သို့မဟုတ် နှစ်ပွဲသာ ကိုင်တွယ်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်းကို ပြည်တွင်းနည်းပြများအနက် နောက်ဆုံးကိုင်တွယ်ခဲ့သူမှာ ဦးဆန်းဝင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ MFF ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးဇော်ဇော်၏ ဥက္ကဋ္ဌ သက်တမ်းဖြစ်သည့် ၂၀၀၅ ခုနှစ်မှ လက်ရှိ အချိန်ထိ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကို အမြဲတမ်းနည်းပြချုပ်အဖြစ် ကိုင်တွယ်ဖူးသည့် ပြည်တွင်းနည်းပြအဖြစ် ဦးဆန်းဝင်းနှင့် ဦးတင်မြင့်အောင် နှစ်ဦးသာရှိပြီး  ဦးဆန်းဝင်းက ၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်၊ ဦးတင်မြင့်အောင်က ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် နှစ်ကြိမ်စီ ကိုင်တွယ်ခဲ့သည်။ 

ယင်းနည်းပြနှစ်ဦးအနက် ဦးဆန်းဝင်းသည် ၂၀၀၆ မာဒေးကားဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းကို ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဦးဆန်းဝင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေစဉ် ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြည်တွင်းနည်းပြဆရာများ ပေါ်ထွက်လာစေရန် နည်းပြသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်လျက်ရှိပြီး အာရှဘောလုံးအဖွဲ့ချုပ်"A" လိုင်စင်နည်းပြသင်တန်း၊ "B"လိုင်စင် နည်းပြသင်တန်း၊ "C" လိုင်စင်နည်းပြသင်တန်းများအပြင် MFF အသိအမှတ်ပြု "D" လိုင်စင် နည်းပြသင်တန်းများလည်း ဖွင့်လှစ်လျက်ရှိသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဌာနခွဲတစ်ခုဖြစ်သော မြန်မာနေရှင်နယ်လိဂ်က တာဝန်ယူကျင်းပလျက်ရှိသည့် MNL အမှတ်ပေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကလပ်အသင်းများ  အနေဖြင့် အာရှဘောလုံးအဖွဲ့ချုပ်အသိ အမှတ်ပြု "A" လိုင်စင်နည်းပြလိုင်စင်ရရှိထား သူများကိုသာ နည်းပြချုပ်အဖြစ် ခန့်အပ်ခွင့် ပြုထားပြီး အခြားလိဂ်များတွင် နည်းပြဆရာများကို လိုင်စင်ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်။ MFF သည် လာမည့်နှစ်တွင် ဖွင့်လှစ်မည့် ပရိုနည်းပြလိုင်စင်သင်တန်း အတွက် အာရှဘောလုံးအဖွဲ့ချုပ်နှင့် အသေးစိတ်ညှိနှိုင်းပြီးပါက ဖွင့်လှစ်မည့်ရက်၊ တက်ရောက်ခွင့်ရမည့်သူများကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ 

Most Read

Most Recent