မြန်မာနိုင်ငံအတွင်းမှ ထိုင်းစီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ထွက်ခွာလာကြောင်း The Nation သတင်းတွင် ဖော်ပြ

မြန်မာနိုင်ငံအတွင်းမှ ထိုင်းစီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ထွက်ခွာလာကြောင်း The Nation သတင်းတွင် ဖော်ပြ
Published 4 September 2024
Ref: The Nation

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေး နှေးကွေးလေးလံနေသည့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တဖြည်းဖြည်း ပြန်လည်ထုတ်ယူနေကြောင်း The Nation သတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပွားလာသည်မှာ လေးနှစ်နီးပါး ကြာမြင့်လာပြီး တိုးတက်မည့်လမ်းစ မမြင်ရသေးသဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ထုတ်ယူနေခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါဖြစ်ပွားချိန်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ယိုယွင်းလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာရယူခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြန်မာ့စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

Siam Cement Group (SCG) ဘိလပ်မြေကုမ္ပဏီ၏ အလုပ်အမှုဆောင် လက်ထောက်ဥက္ကဋ္ဌ သမ္မာဆက် စီသာဒွန်ကမူ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စက်ရုံနှစ်ရုံကို လုပ်ငန်းလည်ပတ်မှု ဆိုင်းငံ့ခဲ့ကြောင်းနှင့်မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်များကိုလည်း ဆိုင်းငံ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

SCG သည် အဆိုပါစက်ရုံများတွင် ဘတ် ၈ ဘီလျံကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် ထိုစက်ရုံများအတွင်းရှိ စက်ယန္တရားအချို့ ခိုးယူခံခဲ့ရကြောင်း ၎င်းက ပြောသည်။

"မကြာခင်အချိန်အတောအတွင်း လုပ်ငန်းပြန်စဖို့ မျှော်လင့်ချက်မရှိပါဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ နောက်ထပ် ဘိလပ်မြေစက်ရုံတစ်ရုံရှိပါတယ်။အဲဒီစက်ရုံဟာ တရုတ်စစ်တပ်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိပါတယ်။ SCG ကုမ္ပဏီကတော့ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အရဲစွန့်ပြီး လုပ်ငန်းလည်ပတ်မှာမဟုတ်ပါဘူး" ဟု သမ္မာဆက်က ပြောကြားခဲ့သည်။

ထို့ပြင် အဖျော်ယမကာကုမ္ပဏီတစ်ခုဖြစ်သည့် Osotspa Plc (OSP) သည်လည်း ဘတ် ၁၃၆ သန်းတန်ကြေးရှိသည့် Myanmar Golden Eagle နှင့် Myanmar Golden Glassကုမ္ပဏီများတွင် ၎င်းတို့၏ ရင်းနှီးမြှူပ်နှံမှုများကို ပြန်လည်ရောင်းချနေကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

မြန်မာအခြေစိုက် ကုမ္ပဏီခွဲနှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရောင်းချခြင်းသည် မိမိတို့၏ ပင်မစီးပွားရေးလုပ်ငန်းကို ပိုမိုတောင့်တင်းခိုင်မာစေလိုသည့် ကုမ္ပဏီ၏ မဟာဗျူဟာအရဖြစ်ကြောင်း OSP ၏ ဘဏ္ဍာရေးအကြီးအကဲ ရာတီပွန်း ရတ်ချာရိုအန်က ပြောကြားခဲ့သည်။

ပလပ်စတစ်နှင့် ကုန်ပစ္စည်းထုပ်ပိုးရေး ထုတ်ကုန်များကို ထုတ်လုပ်သည့် TPBI Public Company Limited ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုကြောင့် လုပ်ငန်းလည်ပတ်မှုများကို ရပ်နားခဲ့ရသည့် TPBI & Myanmar Star Company Limited နှင့်ဆက်နွှယ်သည့် ငွေစာရင်းများကို ဖျက်သိမ်းရန် ကုမ္ပဏီဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင်လအတွင်းက ထိုင်းစတော့အိတ်ချိန်း (SET) ကို အသိပေးအကြောင်းကြားခဲ့သည်။

ပွဲအခမ်းအနားများ တာဝန်ယူစီစဉ်ပေးသည့် Grand Prix International Plc ကုမ္ပဏီကလည်း GPI Myanmar Company Limited ကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက SET ကို အသိပေးခဲ့သည်။

Index Creative Village ၏ စီအီးအို ကရီယန်ကရိုင် ကန်ဂျာနာပိုကင်ကလည်း မြန်မာနိုင်ငံတွင် လေးနှစ်နီးပါးကြာ လုပ်ငန်းလည်ပတ်ခဲ့သည့် ၎င်းတို့၏ ပွဲအခမ်းအနားများ စီစဉ်ပေးသည့်စီးပွားရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ်တွင် ရပ်နားရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ စျေးကွက်ထဲကို ပြန်လည်ဝင်ရောက်ဖို့ လောလောဆယ်မှာ အစီအစဉ်မရှိပါဘူး။ အခြေအနေတွေ ရာနှုန်းပြည့်ပုံမှန်ပြန်ဖြစ်သွားမှသာ မြန်မာစျေးကွက်ထဲ ပြန်လည်ဝင်ရောက်သွားမှာပ" ဟု ကရီယန်ကရိုင်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုင်းကုမ္ပဏီအားလုံး မြန်မာနိုင်ငံမှ ထွက်ခွာနေခြင်းမရှိသေးပေ။

Thai Beverage Plc ကုမ္ပဏီသည် ပြီးခဲ့သည့် ကိုးလအတွင်း မြန်မာနိုင်ငံအတွင်းရှိ၎င်းတို့၏ အဖျောယမကာလုပ်ငန်းတွင် ဝင်ငွေများ မြင့်တက်ခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

Thai Beverage Plc ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဝီစကီထုတ်လုပ်သည့် Grand Royal Group ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့သည်။

ထို့ပြင် Thai Beverage Plc ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ဘီယာထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် ဘတ် သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်။

Mama အသင့်စားခေါက်ဆွဲခြောက်များ ထုတ်လုပ်သည့် Thai President Foods ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက် လည်ပတ်နေပြီး မန္တလေးမြို့ရှိ လုပ်သားအင်အား ၁၀၀ ခန့်ရှိသည့် ၎င်း၏ ခေါက်ဆွဲခြောက်ထုတ်လုပ်ရေးစက်ရုံသည် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

 

Most Read

Most Recent