အဲရစ်ဆင်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲဆက် ပေးဂိုးမဲ့ရလဒ်များဖြင့် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် အာနယ်ဆလော့ မှတ်တမ်းဝင်

အဲရစ်ဆင်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲဆက် ပေးဂိုးမဲ့ရလဒ်များဖြင့် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် အာနယ်ဆလော့ မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 2 September 2024

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် မန်စီးတီးနည်းပြဟောင်း အဲရစ်ဆင်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲဆက် ပေးဂိုးမဲ့ရလဒ်များဖြင့် အနိုင်ရရှိအောင်စွမ်းဆောင်နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာနယ်ဆလော့သည် ယခုနွေရာသီတွင် လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သောကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၎င်းအတွက် ပွဲဦးထွက်ရာသီဖြစ်သည်။

အာနယ်ဆလော့သည် ပရီးမီးယားလိဂ်ပွဲဦးထွက်(၃) ပွဲတွင် အစ်ဝစ်ချ်ကို (၂-၀)ဂိုး၊ ဘရန့်ဖို့ဒ်ကို (၂-၀)ဂိုး၊ မန်ယူကို (၃-၀)ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဲရစ်ဆင်နောက်ပိုင်း ပထမဆုံးစွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သော ဆွီဒင်လူမျိုး ၀ါရင့်နည်းပြ အဲရစ်ဆင်သည် ၂၀၀၆ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်၌ မန်စီးတီးအသင်းကို ပြောင်းလဲကိုင်တွယ်ရာတွင် အာနယ်ဆလော့နည်းတူ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဲရစ်ဆင်သည် ၂၀၀၇-၀၈ ရာသီ ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲတွင် ဝက်စ်ဟမ်းကို (၂-၀)ဂိုး၊ ဒါဘီကောင်တီကို (၁-၀)ဂိုး၊ မန်ယူကို (၁-၀) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ရာသီအဆုံးသတ်ချိန်တွင် အဆင့်(၉)နေရာသာ ရပ်တည်နိုင်ခဲ့သည့်အတွက် နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲခဲ့ရသည်။

၎င်း၏နောက်ပိုင်းတွင် အာနယ်ဆလော့မတိုင်မီအထိ ယင်းသို့ စွမ်းဆောင်နိုင်သည့်နည်းပြ မပေါ်ထွက်ခဲ့ဘဲ (၁၇)နှစ်ကြာမှ အာနယ်ဆလော့က စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အစဉ်အလာပြိုင်ဘက် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာနယ်ဆလော့က ''အလွန်ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်တို့ မြင်တွေ့ချင်တဲ့အရာ အားလုံးကို ပြသနိုင်ခဲ့ပါတယ်။ ပွဲအတွင်းမှာ ခက်ခဲ့တဲ့ အခိုက်အတန့်တချို့ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့ အလွန်ကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ နိုင်ပွဲပါ။ ပွဲချိန်(၅)မိနစ်လောက်အထိ (၃)ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ထူးခြားကောင်းမွန်တဲ့ စတင်မှုပါပဲ''ဟု ပြောကြားခဲ့သည်။

နှစ်သင်းစလုံး၏ ကစားသမားဟောင်းဖြစ်ပြီး ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မိုက်ကယ်အိုဝင်ကလည်း လီဗာပူးလ်အသင်းသည် ရာသီသစ်ကို ပြီးပြည့်စုံစွာ စတင်နိုင်ခဲ့ကြောင်း ချီးကျူးခဲ့သည်။

ထို့ပြင် လက်ရှိအချိန်၌ လီဗာပူးလ်အသင်းသည် မန်စီးတီးကို ရပ်တန့်ပစ်နိုင်မည့်အသင်းအဖြစ် ယူဆရတော့မည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

''ဂွါဒီယိုလာကို အာဆင်နယ်နဲ့ လီဗာပူးလ် ဘယ်သူက အန္တရာယ်အရှိဆုံးလဲလို့ မေးမယ်ဆိုရင် ရာသီစတင်ချိန်မှာတော့ လီဗာပူးလ်အကြောင်း မေးခွန်းထုတ်စရာတွေ များနေမှာပါ။ ဒါပေမဲ့ (၃)ပွဲကစားပြီးချိန်မှာတော့ သူတို့ကို ရပ်တန့်ပစ်နိုင်မယ့်အသင်းလားလို့ တွေးမိမှာပါ။ လီဗာပူးလ်က အခုပဲ  မန်ယူအသင်းကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ပါပြီ''ဟု မိုက်ကယ်အိုဝင်က ပြောကြားခဲ့သည်။

မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း လီဗာပူးလ်အသင်း အလွန်ကောင်းမွန်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

Most Read

Most Recent