ချယ်လ်ဆီးကစားသမားများမှာ မိမိ၏ကစားဟန်၊ နည်းစနစ်များနှင့်အသားကျရန် ကြိုးပမ်းနေရဆဲဖြစ်သည်ဟု နည်းပြ မာရက်စကာ သုံးသပ်ပြောကြား

ချယ်လ်ဆီးကစားသမားများမှာ မိမိ၏ကစားဟန်၊ နည်းစနစ်များနှင့်အသားကျရန် ကြိုးပမ်းနေရဆဲဖြစ်သည်ဟု နည်းပြ မာရက်စကာ သုံးသပ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 July 2024

 

ချယ်လ်ဆီးအသင်း၏ နည်းပြသစ် အန်ဇိုမာရက်စကာ က ချယ်လ်ဆီးကစားသမားများမှာ မိမိ၏ ကစားဟန်၊ နည်းစနစ်များနှင့် အသားကျရန်အတွက် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း ဆဲလ်တစ်အသင်းအား (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အမေရိကန်နိုင်ငံ၌ ရာသီကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေရာ ပထမဆုံးပွဲတွင် ဝရက်ဇ်ဟမ်းအသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပွဲတွင် ဆဲလ်တစ်အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေသည့် ဆဲလ်တစ်အသင်းမှာ ရာသီကြိုခြေစမ်းပွဲ (၅)ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးနှင့်ပွဲမတိုင်မီက မန်စီးတီးကိုလည်း အနိုင်ရခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ဆဲလ်တစ်နှင့်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှုအသာစီး၊ ဂိုးကန်သွင်းခွင့်အသာစီး ရရှိခဲ့သော်လည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် မာရက်စကာက "ကျွန်တော့်ကစားသမားတွေက ကျွန်တော့်ရဲ့ကစားဟန်၊ နည်းစနစ်တွေနဲ့ အသားကျဖို့ ကြိုးစားနေရတုန်းပါပဲ။ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးနေချိန်မှာ တိုးတက်မှုရှိဖို့လည်း လိုပါတယ်။ တစ်ခါတစ်ရံမှာ အနီးကပ် အပေးအယူလုပ်ဖို့ လိုအပ်ချိန်နဲ့ အဝေးကိုပေးပြီး ကစားဖို့ လိုအပ်ချိန်မှာ ဇဝေဇဝါဖြစ်နေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အသစ်တစ်ခုအတွက် ကြိုးစားနေချိန်မှာ ဒါဟာ ပုံမှန်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ရလဒ်မှာ အရေးကြီးသော်လည်း အခြားသောအရာများနှင့် အကဲဖြတ်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ "ရလဒ်က အမြဲတမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ပွဲကို ဘက်ပေါင်းစုံက ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့က ဝရက်ဇ်ဟမ်းထက် (၁၀)ဆလောက်ပို ကောင်းတယ်လို့ ထင်ပါတယ်။ ဒါအရေးကြီးပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဖန်တီးမှုတွေ အများကြီးလုပ်နိုင်ခဲ့ပါတယ်။ ရလဒ်က အမြဲအရေးကြီးတယ် ဆိုပေမဲ့ ဒီလိုအခိုက်အတန့်မှာ တခြားအရာတွေနဲ့လည်း ကျွန်တော်တို့ကို အကဲဖြတ်ဖို့ လိုအပ်ပါတယ်"ဟု မာရက်စကာက ဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အဆင့်(၆)သာရရှိခဲ့ပြီး ကွန်းဖရန့်လိဂ် Play-off သာ ယှဉ်ပြိုင်ခွင့်ရသည့်အတွက် နည်းပြ ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ကာ လက်စတာအသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သည့် မာရက်စကာအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

မာရက်စကာလက်ထက်တွင်လည်း ကစားသမားသစ်(၆)ဦး ခေါ်ယူထားပြီဖြစ်ပြီး တန်ဖိုးကြီးထိပ်တန်းကစားသမားမူ ပါဝင်ခြင်းမရှိသေးပေ။ သို့သော် ၎င်းတို့ပစ်မှတ်ထားခဲ့သည့် ကစားသမား(၈)ဦးထဲမှ (၆)ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ဘီလ် ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်နှင့် နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent