အနာဂတ်အရေး မတွေးနိုင်ကြသေးသည့် စစ်ဘေးရှောင်များ

အနာဂတ်အရေး မတွေးနိုင်ကြသေးသည့် စစ်ဘေးရှောင်များ
Published 28 July 2024
စိုင်းထွန်း (လားရှိုး)

စစ်ရှောင်ရင်း ကိုယ့်မြို့လေးအကြောင်း ကို နေ့တိုင်း နားစွင့်နေမိတယ်။ ဒီမြို့လေးကို ဆက်သွယ်ဖို့နဲ့ သတင်းမှန်ရဖို့က အတော်ကို ခက်တဲ့အနေအထားပါ။ မြို့မှာကျန်ခဲ့သူတွေ ကို ဆက်သွယ်ဖို့ ဆက်သွယ်ရေးကွန်ရက် တွေက ရတစ်ချက် မရတစ်ချက်။

မနက်ဖြန်ဆိုတာ ဘာမှန်းမသိတဲ့ အနေ အထားနဲ့ အသက်ဆက်နေကြရတဲ့ မြို့ထဲက မထွက်နိုင်သေးတဲ့ ဒေသခံတွေက ကျည်လွတ် ရာကို တစ်နေရာပြီးတစ်နေရာ ပြေးရှောင်ရင်း ရေရှည်မှာ နေထိုင်စားသောက်ဖို့က သူတို့ရဲ့ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

မြို့တွင်းကို ကုန်စည်ဝင်ရောက်စီးဆင်း မှု၊ ကုန်သွယ်မှု မရှိတော့တဲ့အတွက် ကုန်စိမ်း နဲ့ ကုန်ခြောက်ဝယ်ယူဖို့က ငွေရှိရင်တောင် မလွယ်လှတော့တဲ့ အနေအထားပါ။ စက်သုံး ဆီကိုလည်း မြို့တွင်းမှာ လုံးဝ ဝယ်ယူလို့ မရ တော့ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပရဟိတ တွေဆီ ဆက်သွယ်လှူဒါန်းမှုတွေ ရှိနေသေး ပေမဲ့ မြို့တွင်းပစ်ခတ်မှုတွေကြောင့် ဆန်နဲ့ ဆီ ပေးဝေမှုအတွက်လည်း အခက်အခဲဖြစ် နေကြရပါတယ်။ အခုနောက်ပိုင်း တိုက်ပွဲ တွေက မြို့တွင်းအထိ ရောက်လာတာကြောင့် ဆန်ဆီရိက္ခာ ဝေငှနေတဲ့အချိန်တွေမှာ လက် နက်ငယ် ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာလို့ နီးစပ်ရာကို အကာအကွယ်ယူပြီး ထွက်ပြေး ကြရတာ တကယ့်ကို အန္တရာယ်များပါတယ်။        

          တကယ်တမ်းတော့ ဒီရိက္ခာလေးတွေကို  ခြိုးခြိုးခြံခြံ ချွေချွေတာတာလေးတွေ စားသုံး ရင်း မနက်ဖြန်အရေး အတွေးတွေက မရေ မရာတွေပါ။ နောက်တစ်ခါ ရိက္ခာဝေတဲ့သူ တွေလာဖို့က မသေချာတော့ဘူးလေ။ ကိုယ် ပိုင်ဆိုင်ထားတဲ့ အိမ်ကလေးမှာ ဖက်တွယ်နေ ထိုင်ရင်း ကျည်ဆန်တွေကြား အသက်ဆက် ရှင်သန်နေရတာ အရာရာအတွက် ကံတရား ပုံအပ်ကြရင်းနဲ့ပေါ့။

          ကိုယ့်ချွေးနှဲစာနဲ့ တည်ဆောက်ခဲ့တဲ့ ဒီ နေရာလေးမှာ ခေါင်းချတဲ့အထိ နေထိုင်သွား မယ်လို့ စိတ်ဒုံးဒုံးချထားခဲ့ပေမဲ့ ဘဝမှာ အရေး အကြီးဆုံးကို အသက်ရှိနေမှပဲ တည်ဆောက် လို့ရတာမို့ သိပ်ဆိုးရွားလွန်းတဲ့ အခြေအနေ ရောက်လာခဲ့ရင် မျက်စိမှိတ်ပြီး ဒီနေရပ်ကနေ စွန့်ခွာကြရတော့မှာပါ။

          ဇူလိုင်လ နောက်ဆုံးပတ်အတွင်း လား ရှိုးမြို့တွင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာ ပြီး စစ်ရှောင်တွေ ကျည်လွတ်ရာကို ရှောင်ဖို့ အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ လားရှိုးမြို့တွင်းထဲ ဝင်ရောက်လာတဲ့ တိုက် ပွဲတွေကြောင့်  တိုက်ပွဲရှောင်နေရသူတွေအ တွက် အန္တရာယ်အလွန်များနေတဲ့ အနေ အထားနဲ့ ကြုံတွေ့နေရတယ်။ တချို့ပရဟိတ သမားတွေက ကုန်တင်ကားတွေနဲ့ မြို့ပြင်မှာ စောင့်ပြီး တခြားဘေးလွတ်ရာကို သယ်ပို့ပေး ဖို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ ကြေညာထားပေမဲ့ တကယ်ဒုက္ခရောက်နေကြ တဲ့ စစ်ဘေးဒုက္ခသည်တွေက လူမှုကွန်ရက်စာ မျက်နှာကို လှန်လှောကြည့်ဖို့ အသာထား ဖုန်းအားသွင်းနိုင်ဖို့တောင် အင်မတန်မှ ခက် ခဲနေကြတဲ့ အနေအထားပါ။ သူတို့ သိနိုင်ပါ့ မလား။ သူတို့ မြို့ထဲကနေ မြို့ပြင်ကို တစ် နည်းနည်းနဲ့ ကျော်ဖြတ်ပြီး ထွက်လာနိုင်ပါ့ မလားလို့ တွေးပူမိတယ်။

          လက်နက်ကြီးသံ၊ လက်ပစ်ဗုံးသံ၊ စနိုက် ပါသံ၊ အာပီဂျီသံနဲ့တွေကြားကနေ ကျည် လွတ်ရာ မြို့ပြင်ကို အန္တရာယ်ကင်းကင်းနဲ့ သူတို့ထွက်လာနိုင်ပါ့မလား။ လက်ရှိအနေ အထားအရ မြို့တွင်း၊ မြို့လယ်ကောင်ကြီးမှာ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ မြို့ပြင်ကို ထွက်လို့ရမယ့် လမ်းကြောင်းပေါ်မှာ ပစ်ခတ် မှုတွေ ဖြစ်နေတော့ သူတို့မြို့ပြင်ကို ထွက်လာ နိုင်ပါ့မလား။

          လက်ရှိအနေအထားအရ မြို့တွင်းမှာ ကျန်ရစ်သူတွေအတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျည်လွတ်ရာ နယ်မြေတွေမှာ တိမ်းရှောင် သင့်တယ်လို့ ဒေသခံတွေက ပြောကြတယ်။ လက်နက်ကိုင်တွေက လားရှိုးမြို့တွင်းက သိန္နီ လမ်း၊ ကွတ်ခိုင်လမ်း၊ ရုံးကြီးလမ်း၊ လားရှိုး မိုတယ်ဝင်းအတွင်းနဲ့ မြို့မစျေးကြီးရှေ့က လမ်းမတော်လမ်းတွေပေါ်အထိတောင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာ တွေကနေ တွေ့မြင်နေကြရတယ်။

          မြို့လယ်ကောင်တည့်တည့်က လားရှိုးမို တယ်ဆိုရင် လက်နက်ကြီးကျည် ထိမှန်ထား တဲ့အရာတွေ၊ မိုတယ်ဘေးက အဆောက် အအုံတစ်လုံးလည်း မီးတွေလောင်နေတာကို တွေ့ကြရတယ်။ လမ်းကြိုလမ်းကြားတွေထဲမှာ လည်း လက်နက်ကိုင်တွေ သွားလာနေတာ တွေ့မြင်နေကြရတယ်။ 

          “ကျွန်တော် နမ့်ပေါင်-မိုင်းရယ်လမ်း အတိုင်းလာခဲ့တာ။ လမ်းမှာတော့ သူတို့အဖွဲ့ တွေ စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ရတယ်။ ဖုန်းနှစ်လုံးလည်း ယူသွားတယ်။ တချို့တွေ လည်း နောက်လှည့်ပြန်ကြတဲ့သူတွေ ရှိတယ်။ မြို့တွင်းမှာတော့ ဒေသခံတွေမရှိတော့သ လောက်ဘဲ။ ကျွန်တော်တို့တောင် တာဝန်အရ နေနေရလို့ မဖြစ်မနေ မြို့တွင်းမှာ နေနေရ တာ။ ပတ်ဝန်းကျင် အနေအထားကတော့ လက်နက်ကြီးထိထားတဲ့ အဆောက်အအုံ တွေ၊ မီးလောင်ကျွမ်းခံထားရတဲ့ အဆောက် အအုံတွေ အများကြီးပဲ။ သူခိုးတွေကလည်း သောင်းကျန်းသလားမမေးနဲ့ဗျာ”လို့  ဇူလိုင် ၂၆ ရက်နေ့မှ လားရှိုးမြို့ကိုစွန့်ခွာလာတဲ့သူတစ်ဦးက ပြောပါတယ်။

          လားရှိုးမြို့မှာ တိုက်ပွဲတွေဖြစ်တော့ ဒေ သခံတွေအနေနဲ့ အိုးပစ်၊ အိမ်ပစ်နဲ့ နေရပ်စွန့် ခွာခဲ့ကြရသလို ချန်ထားခဲ့ရတဲ့ ပစ္စည်းတွေကို လည်း သူခိုးတွေက တစ်အိမ်ဝင် တစ်အိမ် ထွက်နဲ့  စီးပွားဖြစ် ဝင်ခိုးနေကြတယ်လို့ ဆိုကြ ပါတယ်။

          “ကိုယ့်အိမ်ပေါ် လက်နက်ကြီးကျလို့ ဆုံးရှုံးတာက တစ်မျိုး၊ သူခိုးခိုးလို့ ဆုံးရှုံးတာက တစ်မျိုး ဘက်ပေါင်းစုံက ဆုံးရှုံးမှုတွေနဲ့ ကြုံ တွေ့နေရတဲ့ လားရှိုးမြို့ ဒေသခံတွေအနေနဲ့ အိမ်ပြန်ချိန်ရောက်ရင်တော့ ပိုင်ဆိုင်ခဲ့ရတဲ့ အိမ်ဟာ အရင်လိုအနေအထား ပြန်ရဖို့ မ လွယ်တော့တဲ့ အနေအထားတွေပါ” လို့ တိုက် ပွဲတွေကြောင့် အိမ်ကို စွန့်ခွာခဲ့ရသူတစ်ဦးက ပြောပါတယ်။

          တချို့တွေ အိမ်ကထွက်လာပြီး နေရပ် တွေ စွန့်ခဲ့ကြပေမဲ့ မြို့ပြင်ရောက်တဲ့အထိ ဘယ်မြို့ကို ခရီးဆက်လို့ ဆက်ရမှန်း မသိ သေးတဲ့သူတွေလည်း အများကြီး ရှိနေပါသေး တယ်။ ကားတန်းကြီးသွားတဲ့နောက် ဦးတည် ရာမဲ့ လိုက်ခဲ့မိပြီး စစ်ရှောင်စခန်းရှိတဲ့ မြို့ကို ရောက်တော့ ခေတ္တခိုနားဖြစ်တယ်။

          “ကျွန်တော့်အတွေးထဲမှာ ကျွန်တော် ဘယ်ကိုသွားရမလဲ။ ကျွန်တော့်မိသားစုနဲ့ ဘယ်ဆီခရီးနှင်ရမလဲ မတွေးနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော် ဒီမြို့က ဝေးရင်ပြီးရော ဆိုတဲ့ စိတ်နဲ့ ကျွန်တော်ထွက်ခဲ့လိုက်တယ်။ ဆွေမျိုးတွေရှိရာ နေရပ်ကို သွားရမလား။ စစ်ရှောင်စခန်းမှာပဲနေပြီး အိမ်ပြန်လို့ရတဲ့ အချိန်ကို စောင့်မလား။ အတွေးတွေက ဒွိဟ ဖြစ်စေပါတယ်” လို့ တိုက်ပွဲရှောင်လာသူတစ် ဦးက ပြောပါတယ်။

          လားရှိုးမြို့ကနေ အိုးပစ်၊ အိမ်ပစ်နဲ့ နေ ရပ်စွန့်ခွာလာကြသူတွေ သောင်းချီ၊ သိန်းချီ ရှိနေပြီဖြစ်ပြီး တချို့ က လားရှိုးမြို့နဲ့ အနီးဆုံး နမ့်လန်မှာ ခိုလှုံနေကြတယ်။ ကျည်သံတွေ တိတ်ရင် အိမ်ပြန်ကြမယ်။ ငြိမ်းချမ်းသွားရင် အိမ်ပြန်ကြမယ်ဆိုတဲ့စိတ်နဲ့ အနီးဆုံးမှာ စောင့်နေကြတယ်။ အဲဒီလို စောင့်နေကြသူ တွေထဲမှာလည်း တချို့က စစ်ရှောင်စခန်းမှာ၊ တချို့က အိမ်ငှားနေထိုင်ပြီး စောင့်ကြတယ်။

          တချို့သော လားရှိုးမြို့ ဒေသခံတွေက တော့ ရပ်စောက်မြို့ ၊ ညောင်ရွှေ၊ တောင်ကြီး၊ လွိုင်လင်နဲ့ ကျေးသီး၊ မိုင်းကိုင်တွေဘက်က ဆွေမျိုးတွေရှိရာဘက်ကို စွန့်ခွာကြတယ်။ တချို့စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ မန္တလေးမှာ သွားရောက်ခိုလှုံကြတာများပြီး နေပြည်တော်နဲ့ ရန်ကုန်ဘက်ကိုလည်း တချို့ တွေ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါ တယ်။

          “တောင်ကြီးမှာ အိမ်ငှားတာ လားရှိုးမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ဘေးရှောင်တွေ ရောက် လာပြီးနောက်ပိုင်း အိမ်ငှားစရိတ်တွေ တော် တော်တက်သွားတယ်။ အရင်က တစ်လကို ခုနစ်သိန်းက အခု ၁၂ သိန်း ဖြစ်သွားတယ်။ အိမ်နဲ့ အဆောက်အအုံအပေါ်မူတည်ပြီး စျေးနှုန်းကွဲပြားမှုတော့ ရှိပါတယ်။ ဒါပေမဲ့ အရင်ကထက်တော့ အိမ်ငှားစရိတ်က မြင့် တက်သွားတယ်။ အိမ်ငှားတယ် ဆိုရာမှာ လည်း ရေရှည်အတွက် တောင့်ခံနေနိုင်မယ့် အနေအထားကို ရွေးချယ်ပြီးငှားမှ အဆင်ပြေ မယ်။ အိမ်ပြန်နိုင်ဖို့က ဘယ်အချိန် ဘယ်ကာ လအထိ ရှည်ကြာနေဦးမယ်မသိဘူး” လို့ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦး က ပြောပါတယ်။

          လားရှိုးမြို့ကနေ စစ်ဘေးရှောင်ကြသူ အများစုက တောင်ကြီးမြို့နဲ့ အနီးပတ်ဝန်း ကျင်မှာရှိတဲ့ အေးသာယာ၊ ညောင်ရွှေ၊ ရွှေ ညောင်၊ တောင်နီ၊ ဟိုပုံးဒေသ အနီးတစ်ဝိုက် တွေမှာ ကိုယ်တတ်နိုင်တဲ့ ငွေကြေးလေးနဲ့  အိမ်ငှားနေထိုင်နေကြတာတွေလည်း ရှိပါ တယ်။

          “ကျွန်တော် အခုတော့ တောင်ကြီး ရောက်နေပါပြီ။ အခုထက်ထိ ဘယ်မြို့မှာ သွားပြီး အခြေချရမလဲဆိုတာ သေချာ မဆုံး ဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် စဉ်းစား ထားတာကတော့ စားသောက်ရေးနဲ့ ကုန်စျေး နှုန်းသိပ်မကြီးလှတဲ့ နေပြည်တော်ဘက်မှာပဲ အိမ်ငှားလေးနဲ့နေပြီး လုပ်ကိုင်စားသောက် ရမလားလို့တော့ စဉ်းစားထားမိတယ်” လို့  လားရှိုးမြို့မှာ အိုင်တီလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုတဲ့ ကိုအောင်ကပြောပါတယ်။

          တိုက်ပွဲတွေကြောင့် နေရပ်ပြန်ဖို့ မဖြစ် နိုင်သေးတဲ့ အနေအထားမှာ ခေတ္တနားခိုရာ နေရာလေးမှာ အိမ်ပြန်ချိန်ကို စောင့်နေကြရ တဲ့ အနေအထားဖြစ်နေတာပါ။

          ဘယ်လောက်ကြာမယ်မှန်း မသိနိုင် သေးတဲ့ တိုက်ပွဲတွေရဲ့ အဆုံးသတ်နေ့ရက်ကို စောင့်မျှော်ရင်း ...။

          အိမ်ပြန်ချိန်ကို စောင့်နေသူတွေ၊ အခု မှ အိမ်က ထွက်လာကြသူတွေက အရင်လို ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ပြန်ရဖို့ စောင့်မျှော် ရင်း ... ။

Most Read

Most Recent