တောင်ကိုရီးယားထောက်လှမ်းရေးအေးဂျင့်များ၏ အရေးကြီးသည့်အချက်အလက်များ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေကြောင်း တောင်ကိုရီးယားစစ်တပ် ပြောကြား

တောင်ကိုရီးယားထောက်လှမ်းရေးအေးဂျင့်များ၏ အရေးကြီးသည့်အချက်အလက်များ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေကြောင်း တောင်ကိုရီးယားစစ်တပ် ပြောကြား
၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က ပိုဟန်းဆိပ်ကမ်းတွင် အမေရိကန်နှင့် ပူးတွဲဲပြုလုပ်သည့် စစ်ဆင်ရေးတွင်  တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က ပိုဟန်းဆိပ်ကမ်းတွင် အမေရိကန်နှင့် ပူးတွဲဲပြုလုပ်သည့် စစ်ဆင်ရေးတွင်  တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
Published 28 July 2024

မြောက်ကိုရီးယားကို သူလျှိုလုပ်နေသည့် တောင်ကိုရီးယား ထောက်လှမ်းရေး အေးဂျင့်များနှင့်ပတ်သက်သည့် အလွန်အရေးကြီးသည့် အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ပြီးနောက် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း တောင်ကိုရီးယားစစ်တပ်က ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ ထောက်လှမ်းရေးဌာနခွဲဖြစ်သည့် ကိုရီးယားကာကွယ်ရေး ထောက်လှမ်း ရေးဌာနသည် လျှို့ဝှက်အဆင့် အချက်အလက်များ ပေါက်ကြားမှုကို ပြီးခဲ့သည့်လက ဖော်ထုတ်သိရှိခဲ့ပြီး ထိုပေါက်ကြားခဲ့သည့် အချက်အလက်များတွင် ပြည်ပနိုင်ငံများတွင်ရှိနေသည့် တောင်ကိုရီးယား အေးဂျင့်များ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလည်း ပါဝင်နေသည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ထိုသို့ ပေါက်ကြားခဲ့သည့် အချက်အလက်များသည် နျူကလီးယား လက်နက်များ ပိုင်ဆိုင်သည့် မြောက်ကိုရီးယားထံသို့ ရောက်ရှိခဲ့ဖွယ်ရှိသည့် လက္ခဏာများကို အရာရှိများက ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်ကို စစ်တပ်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဒေသခံမီဒီယာများ၏ ဖော်ပြချက်များကို အတည်မပြုဘဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုရလဒ်များအရ ထိုဖြစ်စဉ်ကို တရားဥပဒေနှှင့်အညီ အရေးယူကိုင်တွယ်သွားရန် စစ်တပ်က စီစဉ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ထောက်ပံ့ပေးထားသည့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာသူလျှိုလုပ်မှု အစီအစဉ်နှင့် ပတ်သက်ပြီး ဗြိတိန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယား အေးဂျင့်များ၏ အချက်အလက်များ ပေါက်ကြားသည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

Andariel အမည်ရှိ မြောက်ကိုရီးယား ဟက်ဟာအဖွဲ့သည် လျှို့ဝှက်အဆင့် နည်းပညာ အချက်အလက်များနှင့် အသိဉာဏ်ပစ္စည်းအချက်အလက်များကို ခိုးယူရန် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများကို ဆိုက်ဘာ တိုက်ခိုက်ခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ယခုပေါက်ကြားခဲ့သည့် တောင်ကိုရီးယား အေးဂျင့်များ၏ အချက်အလက်များထဲတွင် ပြည်ပနိုင်ငံများတွင် သံတမန်များအဖြစ် လှုပ်ရှားနေသည့် အေးဂျင့်များ၊ အသွင်ယူ အေးဂျင့်များ၏ အချက်အလက်များ ပါဝင်ခဲ့ပြီး အချို့အေးဂျင့်များသည် ၎င်းတို့၏ အဖြစ်မှန် ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုကြောင့် တောင်ကိုရီးယား နိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိလာကြကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ထောက်လှမ်းရေးဌာနမှ သံသယဖြစ်ဖွယ် အရပ်ဘက်အရာရှိတစ်ဦးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်းလည်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုအရာရှိ၏ ကိုယ်ပိုင်လက်ပ်တော့ကွန်ပြူတာထဲတွင် အဖွဲ့အစည်း၏ လျှို့ဝှက်အဆင့် အချက်အလက်များကို တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကာ ထိုအရာရှိကမူ သူ့ကွန်ပျူတာသည် အဟက်ခံခဲ့ရ ကြောင်း ထွက်ဆိုခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။       

Ref:AFP

Most Read

Most Recent