ရုရှားက ဒုံးကျည်များ အတွဲလိုက်ပစ်၍ တိုက်ခိုက်သောကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် အနည်းဆုံးလူ ၃၇ ဦး သေဆုံး

ရုရှားက ဒုံးကျည်များ အတွဲလိုက်ပစ်၍ တိုက်ခိုက်သောကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် အနည်းဆုံးလူ ၃၇ ဦး သေဆုံး
ရုရှားဒုံးကျည်ထိမှန်ခဲ့ခြင်းကြောင့် Ohmtdyt ကလေးဆေးရုံပျက်စီးနေပုံကို ဇူလိုင် ၈ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရုရှားဒုံးကျည်ထိမှန်ခဲ့ခြင်းကြောင့် Ohmtdyt ကလေးဆေးရုံပျက်စီးနေပုံကို ဇူလိုင် ၈ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 9 July 2024

ရုရှားက ဇူလိုင်၈ ရက်နံနက် စောစောပိုင်း၌ ဒုံးကျည်များဖြင့်အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်း လူ ၃၇ ဦးသေဆုံးသွားချိန်တွင် ယူကရိန်းမြို့တော်ကိယက်ဗ်ရှိ ကလေးဆေးရုံသည် ရုရှားတိုက်ခိုက်မှုများကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရာ ယင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ရက်ရက်စက်စက်တိုက်ခိုက်မှုများဖြစ်သည်ဟု ဝေဖန် ရှုတ်ချခံခဲ့ရသည်။

နေ့ခင်းဘက် ရှားရှားပါးပါး တိုက်ခိုက်မှုကြောင့် ကိယက်ဗ်တွင် အနည်းဆုံး လူ ၁၇ ဦးသေဆုံးသွားခဲ့သည်။ ထိုသေဆုံးသွားသူ များထဲတွင် Ohmtdyt ကလေးဆေးရုံ၌သေဆုံးသူ နှစ်ဦးပါဝင်သည်။

ယူကရိန်းအလယ်ပိုင်းခရီဗိုင်းရီတွင် အနည်းဆုံး ၁၀ ဦးသေဆုံးသွားသည်ဟု ယင်းမြို့၏ စစ်အုပ်ချုပ်ရေးဌာနအကြီးအကဲက ပြောကြားခဲ့ပြီး ပေါ့ဗရိုစကီးတွင်သုံးဦး၊ နီပရိုတွင်တစ်ဦး အသီးသီး သေဆုံးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

လုံခြုံရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည့် ပိုလန်နိုင်ငံကို ရောက်နေသော ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက လက်စားချေမည်ဟု ပြောကြားခဲ့ သည်။

“ကိယက်ဗ်၊နီပရို၊ ခရီဗီရီ၊ ဆလိုဗီ ယန်ဆစ်၊ ခရာမာတော့စတဲ့မြို့တွေမှာ ဒုံးကျည်အမျိုးအစား ၄၀ ကျော်ဟာ လူနေအဆောက် အအုံတွေ၊ လမ်းတံတားတွေ၊ ကလေးဆေးရုံတစ်ရုံတို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပါတယ်”ဟု ဇယ်လန်းစကီးက အစောပိုင်းတွင် ဆိုရှယ်မီဒီယာ၌ရေးသားခဲ့သည်။

“ဒုံးကျည်ထိမှန်တဲ့အခိုက်အတန့်ဟာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ လင်းထိန်သွားတယ်။ပြီးတော့ ကျယ်လောင်တဲ့ အသံထွက်လာတယ်”ဟု ကလေးဆေးရုံကဆရာဝန် လက်စီယာလီဆက်ရှားက BBC ကိုပြောသည်။ ဆေးရုံသည် ၆၀-၇၀ ရာခိုင်နှုန်းပျက်စီးသွားဟုဆိုသည်။

ဆေးရုံဝန်ထမ်းများ၊ ကယ်ဆယ်ရေးလုပ်သားများအပါအဝင် စေတနာ့ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် Ohmtdyt ကလေးဆေးရုံ၏အပျက်အစီးများကို တူးဆွနေကြသည်ကို အခင်းဖြစ်ရာနေရာသို့ရောက်နေသော အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့ကြီးနှင့်မြို့ငယ်ငါးမြို့နှင့် မြို့တော်ကိယက်ဗ်တို့ကို ဒုံးကျည် ဒါဇင်ပေါင်းများစွာပစ်လွှတ်၍ တိုက်ခိုက်ခဲ့သည်ဟု သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ကလေးသုံးဦးအပါအဝင်အနည်းဆုံး လူ ၃၇ ဦးသေဆုံးသွားခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ပြီး လူ ၁၇၀ ကျော်ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ၊ သားဖွားဆေးရုံတစ်ရုံတို့အပါအဝင် အဆောက်အအုံ ၁၀၀ နီးပါး ပျက်စီးသွားခဲ့သည်ဟု ဇယ်လန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သည်။

လေကြောင်းကာကွယ်ရေးက ဒုံးကျည် ၃၀ ကျော်ကို ပစ်ချခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

“ရုရှားဒုံးကျည်တွေကို ပစ်ချဖို့လိုအပ်ပါတယ်။ လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ ရုရှားတိုက်လေယာဉ်တွေကို ဖျက်ဆီးဖို့လို အပ်ပါတယ်။ လုံခြုံရေးအားနည်းချက်မှန်သမျှမရှိတဲ့ ခိုင်မာတဲ့အဆင့်တွေကို ချမှတ် ဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု နေတိုးထိပ် သီးညီလာခံမတိုင်မီ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် နေတိုးထိပ်သီးညီလာခံတွင် ယူကရိန်း၏ လေကြောင်းကာကွယ်ရေးကိစ္စများ ကို ဦးစားပေးဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

ဒုံးကျည် အတွဲလိုက်ပစ်ခတ်၍တိုက်ခိုက်သည့် လုပ်ရပ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူရန်နှင့်ရုရှား၏တိုက်ခိုက်မှုကို ပိုမိုပြင်းထန်သောတုံ့ ပြန်မှုများလုပ်ရန်လည်း ယူကရိန်း၏မဟာမိတ်များကို ၎င်းကတောင်းဆိုခဲ့သည်။                                     

Ref: AFP

Most Read

Most Recent