တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများကို လျှော့ချရန် တရုတ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ဖိလစ်ပိုင် ပြောကြား

တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများကို လျှော့ချရန် တရုတ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ဖိလစ်ပိုင် ပြောကြား
ဇူလိုင် ၂ ရက်က မနီလာတွင် ဖိလစ်ပိုင်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သီရက်ဆာ (ဝဲ)နှင့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးချန်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
ဇူလိုင် ၂ ရက်က မနီလာတွင် ဖိလစ်ပိုင်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သီရက်ဆာ (ဝဲ)နှင့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးချန်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
Published 4 July 2024

တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများကို လျှော့ချရန် ဖိလစ်ပိုင်နှင့် တရုတ်အကြား ဇူလိုင် ၂ ရက်တွင် သဘောတူညီခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ်ရေပြင်များအတွင်း တရုတ်ကမ်းခြေ စောင့်တပ်ဖွဲ့နှင့် ဖိလစ်ပိုင်ရေတပ်အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နှင့် တရုတ်သည် တောင်တရုတ်ပင်လယ်၏ အငြင်းပွားဖွယ် ရေပြင်များအတွင်း နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သော်လည်း ပြီးခဲ့သည့်လက ဖြစ်စဉ်သည် နှစ်နိုင်ငံထိပ် တိုက်တွေ့မှုများအနက် အပြင်းထန်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။

ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ဖိလစ်ပိုင်တပ်ဖွဲ့များသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Second Thomas သောင်ခုံအနီးတွင် ကျောက်ချရပ်နားထားသည့် Sierra Madre စစ်သင်္ဘောအပျက်ပေါ်တွင် တပ်စွဲထားသည့် ဖိလစ်ပိုင်မရိန်း တပ်ဖွဲ့ဝင်များအတွက် ရိက္ခာထောက်ပို့ပေးရန် ကြိုးပမ်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၉ ရက် နှောင်းပိုင်းက ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတွင် သေးငယ်သည့် သင်္ဘောများပေါ်တွင် တုတ်များ၊ ဓားများကို ဝှေ့ယမ်းနေသည့် တရုတ်သင်္ဘောသားများသည် အော်ဟစ်ပြီး လေ သွင်းလှေတစ်စင်းကို တိုက်ခိုက်ရန် ကြိုးပမ်းနေပုံများကို ဖော်ပြခဲ့သည်။

ပုဆိန်ကိုင်ထားသည့် တရုတ်သင်္ဘောသားတစ်ဦးသည် ဖိလစ်ပိုင်စစ်သားအား ဒဏ်ရာရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး အခြားသူများကလည်း ဖိလစ်ပိုင်စစ်သားများကို ထိခိုက်နစ်နာလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်တွင် ဖိလစ်ပိုင်သင်္ဘောသားတစ်ဦး လက်မတစ်ချောင်းဆုံးရှုံးသွားခဲ့ပြီး တရုတ်ကမ်းခြေ စောင့်တပ်ဖွဲ့သည် ဖိလစ်ပိုင်၏ သေနတ်များအပါအဝင် ပစ္စည်းကိရိယာများကို သိမ်းယူမှု၊ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဖိလစ်ပိုင် စစ်တပ်က ပြောကြားခဲ့သည်။

တရုတ်အစိုးရကလည်း အဆိုပါ ထိပ်တိုက်တွေ့မှုအတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပရော်ဖက်ရှင်နယ်ဆန်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သည့်နည်းဖြင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ဖိလစ်ပိုင်စစ်မှုထမ်းများကို ဆန့်ကျင်သည့် တိုက်ရိုက်စီမံချက်များမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas သောင်ခုံနှင့် အနီးတစ်ဝိုက်ရေပြင်များကို ပိုင်ဆိုင်ကြောင်း  ပြောကြားထားသည့် ၎င်း၏ကြေညာချက်ကို ပိုမိုခိုင်မာစေရန်အတွင်း ထိုသောင်ခုံအနီးတွင် စစ်သင်္ဘောအပျက်တစ်စင်းကို ၁၉၉၉ ခုနှစ်ကတည်းက ရည်ရွယ်ချက်ရှိရှိဖြင့် ကျောက်ချရပ်နားထားခဲ့ပြီး ထိုသင်္ဘောပေါ်တွင် စစ်သားအနည်းငယ်ကို တပ်စွဲထားရှိခဲ့သည်။

ဖိလစ်ပိုင်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သီရက်ဆာ လာဇာရိုနှင့် တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချန်ရှောင်တုံတို့သည် ဇွန် ၂ ရက်က ပြည့်စုံကျယ်ပြန့်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် အာယွန်နင် သောင်ခုံ (Second Thoams သောင်ခုံကို ဖိလစ်ပိုင်က သတ်မှတ် ခေါ်ဆိုသည့်အမည်) နှင့်ပတ်သက်ပြီး တင်းမာမှုများကို လျှော့ချရန် ဆွေးနွေးခဲ့ကြကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ လိုအပ်ကြောင်း၊ ထိတွေ့ဆွေးနွေးမှုများပြုလုပ်ရန် အခြေအနေများ ဖန်တီးရန်လိုအပ်ကြောင်းကို အသိအ မှတ်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားလျက်ရှိသည်။

Ref:AFP

Most Read

Most Recent