အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင်မီ ဟားမာ့စ်ကို ဖိအားပေးသည့်အနေဖြင့် အစ္စရေးက ရာဖာကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင်မီ ဟားမာ့စ်ကို ဖိအားပေးသည့်အနေဖြင့် အစ္စရေးက ရာဖာကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်
မေ ၆ ရက်က ရာဖာကို အစ္စရေး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မီးခိုးများ ထွက်လာပုံကို တွေ့ရစဉ်(Photo: AFP)
မေ ၆ ရက်က ရာဖာကို အစ္စရေး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မီးခိုးများ ထွက်လာပုံကို တွေ့ရစဉ်(Photo: AFP)
Published 7 May 2024

ဟားမာ့စ်က ထောက်ခံချက်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်မှတ်ရေးထိုးရန် ရည်ရွယ်သည့် ကိုင်ရိုဆွေးနွေးပွဲမတိုင်မီ ဟားမာ့စ်ကို ဖိအားပေးရန် နည်းလမ်းရှာသည့်အနေဖြင့်  မေ ၆ ရက်ည ပိုင်းတွင် အစ္စရေးက ဂါဇာမြို့ရာဖာကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဂါဇာတောင်ပိုင်းနယ်စပ်မြို့ ရာဖာကို ထိုးစစ်ဆင်မည်ဟု အစ္စရေးက သီတင်းပတ်ပေါင်းများစွာကတည်းက ပြောကြားခဲ့ပြီးနောက် မြေပြင်ထိုးစစ်မတိုင်မီ အစ္စရေးက  ရာဖာအရှေ့ပိုင်းရှိ ပါလက်စတိုင်းပြည်သူများကို တိုးချဲ့ပေးထားသည့် လူသားချင်းစာနာမှုဆိုင်ရာ နယ်မြေသို့ ထွက်ခွာရန် မေ ၆ ရက်တွင် ဆော်သြခဲ့သည်။

လူ ၁ ဒသမ ၂ သန်းခန့်သည် လက်ရှိတွင် ရာဖာမြို့၌ ခိုလှုံနေသည်ဟု ကမ္ဘာ့ကျန်း မာရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရပြီး ၎င်းတို့ထဲက အများစုသည် ဂါဇာကမ်းမြောင်၏ အခြားသောနေရာများမှ စစ်ရှောင်လာသူများ ဖြစ်သည်ဟု သိရသည်။

ဂါဇာတောင်ပိုင်းမြို့ ရာဖာကို မြေပြင်ထိုးစစ်ဆင်မည့် ကိစ္စမတိုင်မီ ယင်းမြို့၏အ ရှေ့ပိုင်းတွင်နေထိုင်သောပြည်သူ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးနေသည်ဟု မေ ၆ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“ခန့်မှန်းခြေကတော့ လူ ၁၀၀,၀၀၀  ဝန်းကျင်ဖြစ်ပါတယ်”ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရက သတင်းထောက်များကို ပြောကြားခဲ့သည်။

တစ်ညလုံး ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်ဟု ရာဖာကိုရောက်နေသော အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ အစ္စရေးတိုက်ခိုက်မှုများကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး လူဒါဇင်ချီ ဒဏ်ရာရခဲ့သည်ဟု ရာဖာရှိ ကူဝိတ်ဆေးရုံက ပြောကြားခဲ့သည်။

မေ ၆ ရက် စောစောပိုင်းတွင် ပြုလုပ်ခဲ့သည့်ဆွေးနွေးမှုများ သဘောတူညီမှုမရ ဖြစ်ခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ဟားမာ့စ်က အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်းသော အဆိုပြုချက်ကို သဘောတူသည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် အီဂျစ်နှင့် ကာတာကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။ ထို့ကြောင့် လူအုပ်ကြီးသည် ရာဖာလမ်းများပေါ်ထွက်ကာ သြဘာပေးခဲ့သည်။

အဆိုပြုချက်သည် အစ္စရေး၏အခြေခံကျသော လိုအပ်ချက်များနှင့်ကင်းကွာနေသည်ဆိုသော်လည်း အစ္စရေးအစိုးရသည် သဘောတူညီချက်ရရှိရေးအတွက် ဖြစ်နိုင်ခြေများကို ပြီးပြည့်စုံအောင်လေ့လာရေး အတွက် စေ့စပ်ဆွေးနွေးရေးသမားများကိုဆွေးနွေးပွဲသို့ စေလွှတ်လိမ့်မည်ဟု ဝန်ကြီး ချုပ်ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် မိမိ၏ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးနှင့်စစ်ပွဲ၏အခြားသော ရည်မှန်းချက်များအောင်မြင်ရေးတို့အတွက် ဟားမာ့စ်ကို စစ်ရေးအရ ဖိအားပေးသည့်အနေဖြင့် ရာဖာစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေသည်ဟု နေတန်ယာဟု ရုံး၏ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အစ္စရေးမဟာမိတ်အမေရိကန်ကမူ ဟားမာ့စ်တုံ့ပြန်မှုကို လေ့လာဆန်းစစ်နေသည်ဟု ပြောကြားခဲ့သည်။

အဆင့်သုံးဆင့်ပါဝင်ပြီး ဟားမာ့စ်က သဘောတူထားသော အဆိုပြုချက်အကြောင်း ဟားမာ့စ်အဖွဲ့ဝင် ခါလီအယ်လ် ဟေယာကကာတာအခြေစိုက် အယ်လ်ဂျာ ဇီးယားသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုအဆင့်သုံးဆင့်တွင်အမြဲတမ်းအပစ် အခတ်ရပ်စဲရေး ရည်မှန်းချက်ဖြင့် အစ္စရေးတပ်များကို ဂါဇာမှလုံးဝ ရုပ်သိမ်းရေး၊ စစ်ဘေးရှောင်ပါလက်စတိုင်းပြည်သူများ နေရပ်ပြန်လာရေး၊ ဓားစာခံ-အကျဉ်းသားလဲလှယ် ရေးတို့ပါဝင်နေသည်။

ဂါဇာကမ်းမြောင်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်မျှော်လင့်ချက်ဖြင့် ကာတာသည် မေ ၇ ရက်နံနက်ပိုင်းတွင် အီဂျစ်မြို့တော် ကိုင်ရို၌ ပြန်လည်စတင်မည့် ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ် လိုက်သည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent