ဖမ်းဆီးထားသော ခေါင်းဆောင်များကို ပြန်မလွှတ်ပေးလျှင် ဆန္ဒပြမှုများ ပြန်လည်ပြုလုပ်မည်ဟု ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ ပြောကြား

ဖမ်းဆီးထားသော ခေါင်းဆောင်များကို ပြန်မလွှတ်ပေးလျှင် ဆန္ဒပြမှုများ ပြန်လည်ပြုလုပ်မည်ဟု ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ ပြောကြား
ဇူလိုင် ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ လမ်းတစ်နေရာတွင် စစ်သားများ စောင့်ကြပ်နေသည်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ လမ်းတစ်နေရာတွင် စစ်သားများ စောင့်ကြပ်နေသည်ကို တွေ့ရစဉ်(Photo:AFP)
Published 28 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးထားသော ၎င်းတို့၏ ခေါင်းဆောင်များကို ဇူလိုင် ၂၈ ရက်၌ ပြန်လွှတ်မပေးလျှင် နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်စေသော ဆန္ဒပြမှုများကို ပြန်လည်ပြုလုပ်သွားမည်ဟု ကျောင်းသားအဖွဲ့ တစ်ဖွဲ့က ကတိပြုပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော အဓိကရုဏ်း အခြေအနေများအတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သေဆုံးသူ၂၀၅ဦး ထက်မနည်းရှိသည်ဟု ရဲတပ်ဖွဲ့နှင့် ဆေးရုံများက ထုတ်ပြန်သော သေဆုံးသူစာရင်းကိို ကိုးကား၍ အေအက်ဖ်ပီသတင်း၏ စစ်တမ်းတွင် ဖော်ပြထားပြီး မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး အဓိကရုဏ်း အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ရလျက်ရှိသည်။

စစ်တပ်က ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိပြီး ဆန္ဒပြမှုများကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းချမှတ်ထားသော ကာဖျူးမိန့်ကို သီတင်းတစ်ပတ်ကြာ ဆက်လက်ထုတ်ပြန်ထားကာ ရဲတပ်ဖွဲ့က ကျောင်းသားခေါင်းဆောင် ဒါဇင်ဝက်ထက် မနည်းအပါအဝင် ဆန္ဒပြသူထောင်ချီကို ဖမ်းဆီးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ်ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်ခဲ့သော ကျောင်းသားအဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် သီတင်း တစ်ပတ်ကြာ ဆန္ဒပြမှုဆိုင်းငံ့ကာလကို အဆုံးသတ်သွားမည်ဟု ပြောကြားခဲ့သည်။

ကျောင်းသားအဖွဲ့၏ အကြီးအကဲနာ ဟစ်အစ္စလာမ်နှင့်အခြားသူများကို ပြန်လွှတ်ပေးပြီး ၎င်းတို့အပေါ် တင်ထားသော စွဲချက်များကို ရုပ်သိမ်းပေးရမည်ဟု အဗ္ဗဒူလ်ဟန်နန် မာဆွတ်က ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်  သတင်းထောက်များကို ပြောကြားခဲ့သည်။

အာဏာပိုင်များထံမှ ပုန်းရှောင်နေရသည့်အတွက် ၎င်း၏တည်နေရာကို ထုတ်ဖော် ပြောကြားထားခြင်မရှိသည့် မာဆွတ်က ဆန္ဒပြသူများ သေဆုံးမှုအတွက် အစိုးရဝန်ကြီးများနှင့် ရဲအရာရှိများကို မြင်သာသည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

“ဒီလိုမှမဟုတ်ရင် ခွဲခြားမှုကိုဆန့်ကျင်ရေးကျောင်းသားတွေက ဇူလိုင် ၂၉ ရက်မှာ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေကို ပြန်စဖို့ ဖိအားပေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု၎င်းက ဆိုသည်။

အရပ်ဝတ်စုံထောက်အဖွဲ့တစ်ဖွဲ့က အစ္စလာမ်နှင့် ဆန္ဒပြအဖွဲ့တွင် ပါဝင်သည့် အခြားအကြီးတန်း အဖွဲ့ဝင်နှစ်ဦးကို ဇူလိုင် ၂၆ ရက်က ဒါကာမြို့တော်ရှိ ဆေးရုံတစ်ရုံမှ အင်အားသုံး၍ ဆင်းစေခဲ့ကာ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

အစ္စလာမ်သည် အစောပိုင်းဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာကို ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့ပြီး အသက်အန္တရာယ်အတွက် စိုးရိမ် ကြောင်းလည်း ပြောပြခဲ့သည်။

၎င်းတို့သုံးဦးကို သူတို့၏ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အေဆာဒွတ်ဇ်ဇာမန်ခန်းက ဇူလိုင်၂၆ ရက်တွင် ပြောကြားခဲ့သော်လည်း ၎င်းတို့ကို တရားဝင်ဖမ်းဆီးခြင်းဟုတ်၊ မဟုတ်အတည်ပြုခဲ့ခြင်းမရှိ ပေ။ နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ စတင် ဖြစ်ပွားချိန်ကတည်းက လူ ၉၀၀၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးနေ့စဉ်သတင်းစာ Prothom Alo တွင် ဖော်ပြထားသည်။

Ref:AFP

                                                              

Most Read

Most Recent