ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ခဲ့ရ

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ခဲ့ရ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားနေစဉ်(Photo:AFP)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားနေစဉ်(Photo:AFP)
Published 24 July 2024

တိုင်ဖွန်းမုန်တိုင်း ဂယ်မီတိုက်ခတ်မှုနှင့် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုများကြောင့် ဖိလစ်ပိုင်၏မြို့တော်မနီလာနှင့် မြောက်ပိုင်းပြည်နယ်များတွင် ဇူလိုင် ၂၄ ရက်က မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အာဏာပိုင်များက အလုပ်များနှင့် စာသင်ကျောင်းများကိုပိတ်ရန် ညွှန်ကြားခဲ့ပြီး စတော့ရှယ်ယာ များနှင့် နိုင်ငံခြားငွေလဲလှယ်မှုများကို ဆိုင်းငံ့ခဲ့ရသည်။

ဖိလစ်ပိုင်သမ္မတရုံးက မြို့ပေါင်း ၁၆ မြို့ပါဝင်ပြီး လူ ၁၃ သန်းထက်မနည်းနေထိုင်သည့် မနီလာမြို့တော်ဒေသရှိ စာသင်ကျောင်းအားလုံးနှင့် အစိုးရရုံးဌာနအများစုကို ယာယီပိတ်ပေးခဲ့သည်။

မြစ်ရေများလျံပြီး လမ်းများပေါ်တွင် ရေများလွှမ်းခဲ့ပြီးနောက် အနိမ့်ပိုင်းတွင်ရှိသည့် နေအိမ်များမှ လူများကို ဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးရန် မနီလာမြို့တော်တစ်ဝန်းတွင် ကယ်ဆယ်ရေးသမားများကို ဖြန့် ကြက်ချထားခဲ့သည်။

“ဒေသအများစုက ရေလွှမ်းနေပါတယ်။ အဲဒါကြောင့် တစ်မြိုကလုံးမှာ ကယ်ဆယ်ရေးသမားတွေကို ဖြန့်ကြက်ချထားခဲ့ပါတယ်။ အကူအညီတောင်းတဲ့ လူတွေအများကြီးရှိနေပါတယ်”ဟု မနီလာမြို့တော် ဆင်ခြေဖုံးရှိ ဘေးအန္တရာယ်ကယ်ဆယ်ရေးအရာရှိ ပီချီ ဒီလီယွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“မနေ့ညကတော့ မိုးမရွာဘူးလို့ပြောပါတယ်။ နောက်တော့ ရုတ်တရက်မိုးတွေ ရွာချလိုက်တော့ အံအားသင့်သွားခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲပါပဲ”ဟု ၎င်းက ဆိုသည်။

တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၁၅၅ ကီလိုမီတာနှင့် လေထန်နှုန်း ၁၉၀ ကီလို မီတာအထိ ရှိခဲ့သည့် ဂယ်မီမုန်တိုင်းသည် ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီးနောက် ထိုင်ဝမ်သို့ ဦးတည်လျက်ရှိသည်။

ထိုမုန်တိုင်းသည် ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ခြင်းမရှိခဲ့သော်လည်း အနောက်တောင်မုတ်သုန်လေကို ပိုမိုအားကောင်းစေခဲ့ကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကို ဖြစ်ပွားစေခဲ့သည်ဟု မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

“ပုံမှန်ဆိုရင် မိုးအများဆုံးရွာသွန်းတဲ့ ရာသီဟာ ဇူလိုင်နဲ့ သြဂုတ်လဖြစ်ပါတယ်။ အခုတော့ ဖိလစ်ပိုင်အရှေ့ပိုင်း ရေပြင်တွေမှာ တိုင်ဖွန်းတိုက်ခတ်ခဲ့တာကြောင့် အနောက်တောင်မုတ်သုံလေကို ပိုမိုအား ကောင်းစေခဲ့ပါတယ် ”ဟု ထိပ်သီးမိုးလေဝသကျွမ်းကျင်သူ ဂလိုင်ဇာ အက်စ်ကူလာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဂယ်မီနှင့် ပြီးခဲ့သည့်သီတင်းပတ်က ဖိလစ်ပိုင်တောင်ပိုင်းကို တိုက်ခတ်ခဲ့သည့် အခြားအပူပိုင်းမုန်တိုင်း ပရာပီရွန်းတို့ကြောင့်  သေဆုံးသူခုနစ်ဦး ရှိခဲ့သည်။

ဆိပ်ကများများတွင် ခရီးသည် ၃၅၄ ဦးနှင့် သင်္ဘော ၃၁ စင်းပိတ်မိနေပြီး ဇူလိုင် ၂၄ ရက်တွင် လေကြောင်းလိုင်း ၁၃ လိုင်းကို ဖျက်သိမ်းခဲ့ရကြောင်း မနီလာလေဆိပ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တွင် နှစ်စဉ် အပူပိုင်းမုန်တိုင်း ၂၀ ခန့် တိုက်ခတ်လေ့ရှိပြီး ရေလွှမ်းမိုးမှုများ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိတိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း ဂယ်မီသည် ထိုင်ဝမ်ကျွန်းဆီသို့ လျင်မြန်စွာ ဦးတည်ရွေ့လျား နေသဖြင့် ထိုင်ဝမ်၏ နှစ်စဉ်ပြုလုပ်မြဲ ဟန်ခွမ်စစ်ရေးလေ့ကျင့်မှု၏ လေ့ကျင့်မှုအချို့ကို ဖျက်သိမ်းခဲ့ရသည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာထားပြီး စစ်ရေးဖိအားများကို တိုးမြှင့်နေချိန်တွင်  ထိုင်ဝမ်က လက်တွေ့တိုက်ပွဲနှင့် အနီးစပ်ဆုံးတူညီစေရန် ရည်ရွယ်လျက် တရုတ်၏ တိုက်ခိုက်မှုကို တွန်းလှန် သည့် အသွင်သဏ္ဌာန်ဖန်တီးထားသော ထိုင်ဝမ်၏ နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၂၂ ရက်က စတင်ခဲ့သည်။

မြို့တော်တိုင်ပေရှိ အဓိကဆိပ်ကမ်းအား ကာကွယ်သည့် လေ့ကျင့်မှုများနှင့် မြို့ပြကာကွယ်ရေးဆိုင်ရာ လေ့ ကျင့်မှုများကိုလည်း ပူးတွဲပြုလုပ်မည်ဖြစ်ကာ  ရာသီဥတုအခြေအနေကြောင့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်များ ကို အလိုက်သင့် ချိန်ညှိဆောင်ရွက်မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref:CNA

Most Read

Most Recent