ဗြိတိန်အထွေထွေရွေးကောက်ပွဲတွင် လေဘာပါတီ အပြတ်အသတ်အနိုင်ရသောကြောင့် လေဘာပါတီခေါင်းဆောင် ကီယာစတာမား ဝန်ကြီးချုပ်ဖြစ်လာ

ဗြိတိန်အထွေထွေရွေးကောက်ပွဲတွင် လေဘာပါတီ အပြတ်အသတ်အနိုင်ရသောကြောင့် လေဘာပါတီခေါင်းဆောင် ကီယာစတာမား ဝန်ကြီးချုပ်ဖြစ်လာ
Published 5 July 2024

ကီယာစတာမား၏ ဗဟို-လက်ဝဲ အတိုက်အခံ လေဘာပါတီသည် ဗြိတိန်အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သောကြောင့် ၎င်းသည် ဗြိတိန်၏ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။

ရွေးကောက်ပွဲတွင် လေဘာပါတီ သောင်ပြိုကမ်းပြိုအနိုင်ရခြင်းက လက်ယာယိမ်းကွန်ဆာဗေးတစ်ပါတီ၏ ၁၄ နှစ်ကြာ  အုပ်စိုုးမှုကို အဆုံးသတ်သွားစေခဲ့သည်။

“လေဘာပါတီဟာ ဒီရွေးကောက်ပွဲကို အနိုင်ရခဲ့ပါတယ်။ အောင်ပွဲရတဲ့အတွက် ဆာကီယာစတာမားကို ကျွန်တော် ဖုန်းဆက်ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်”ဟု သုန်သုန်မှုန်မှုန် ပုံစံပေါက်နေသော ရီရှီဆူနက်က ပြောကြားခဲ့သည်။ ရီရှီဆူနက်သည် လွတ်တော်အမတ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။

“အားလုံးအတွက် ငြိမ်းချမ်း၊ ချစ်ကြည်တဲ့ပုံစံနဲ့ ဒီနေ့မှာပဲ အာဏာလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်”ဟု ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရီရှီဆူနက်က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲရလဒ်သည် စိတ်ပျက်စရာ ကောင်းသည်ဟု ပြောကြားခဲ့ကာ ရှုံးနိမ့်မှုအတွက် ၎င်းတွင် တာဝန်ရှိသည်ဟု ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။

လန်ဒန်မြို့လယ်ခေါင်တွင် အောင်ပွဲရပါတီစုရုံးသည့်အခါ အသက် ၆၁ နှစ်အရွယ် ကီယာစတာမားက “ဒီနေရာမှာ အပြောင်းအလဲ စတင်ပါပြီ”ဟု အောင်ပွဲခံနေသော ထောက်ခံသူများကို ပြောကြားခဲ့ပြီး တစ်နိုင် ငံလုံးကို ဆယ်စုတစ်ခုကြာ အသစ်ပြုပြင်ပြောင်းလဲမည်ဟု ကတိပေးခဲ့သည်။ နိုင်ငံကို ပထမဦးစားပေး နေရာတွင် ထားမည်ဖြစ်ကာ ပါတီကို ဒုတိယဦးစားပေးနေရာတွင်ထားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်များတွင် လေဘာပါတီသည် အနည်းဆုံး အစိုးရအဖွဲ့ဝန်ကြီးရှစ်နေရာ၌ အနိုင်ရခဲ့ခြင်းအပါအဝင် ကွန်ဆာဗေးတစ်အမတ်နေရာ အများအပြားကို အနိုင်ရခဲ့သည့်တိုင် အပြောင်းအလဲသည် နေ့ချင်းညချင်း ဖြစ်လာလိမ့်မည်မဟုတ်ဟု ၎င်းက သတိပေးခဲ့သည်။

ရွေးကောက်ပွဲတွင် အမတ်နေရာရှုံးနိမ့်ခဲ့သည့် နာမည်ကြီးများထဲတွင် ကာကွယ်ရေးဝန်ကြီးဂရန့်ရှပ်ဖ်၊ အကြီးတန်းဝန်ကြီး ပင်နီမော်ဒေါင့်၊ ဘရစ်ဇစ်ကိစ္စ အဓိကဆောင်ရွက်သူ ဂျက်ကော့ရီးမော့တို့ ပါဝင်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး ဂျရမီဟန့်သည် လွှတ်တော်အမတ်နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်ဆိုသော်လည်း ၎င်းသည် ၈၉၁ မဲသာ ရရှိခဲ့သည်။

လေဘာပါတီသည် အမတ် နေရာ၆၅၀ ရှိသော ပါလီမန်တွင် အများစုအနိုင်ရရှိရန် လိုအပ်သော အမတ်နေရာတစ်ဝက်ကျော် ဖြစ်သည့် ၃၂၆ နေရာကို အနိုင်ရရှိထားသည်။ ထို့ကြောင့် လေဘာပါတီသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဗြိတိန်တွင် အာဏာပြန်ရလာခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒေးဗစ်ကင်မရွန် အနိုင်ရသောကြောင့် ဂေါ်ဒွန်ဘရောင်း ပြုတ်သွားခဲ့ပြီး နောက်ပိုင်း ပထမဆုံးအာဏာ ပြန်ရလာသည့် လေဘာပါတီအကြောင်းကို ဗြိတိန်သတင်းစာများက အလေးပေးဖော်ပြ နေကြသည်။

လေဘာပါတီကို ထောက်ခံသော Daily Mirror သတင်းစာက “Kier We Go ”ဟူ၍ လည်းကောင်း၊ The Sun သတင်းစာက “ ဗြိတိန်သည် ရဲရဲနီသွားပြီ” ဟူ၍လည်းကောင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

 Ref:AFP

Most Read

Most Recent