■ ရခိုင်ပြည်နယ်ရှိ သံတွဲ(မဇင်) လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု AA အဖွဲ့ ထုတ်ပြန်လာ

■ ရခိုင်ပြည်နယ်ရှိ သံတွဲ(မဇင်) လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု AA အဖွဲ့ ထုတ်ပြန်လာ
​​​​​​​■ ပုံစာ - သံတွဲ (မဇင်)လေဆိပ်ကို ထိန်းချုပ်လိုက်ကြောင်း AAအဖွဲ့ က ထုတ်ပြန်ခဲ့စဉ်
​​​​​​​■ ပုံစာ - သံတွဲ (မဇင်)လေဆိပ်ကို ထိန်းချုပ်လိုက်ကြောင်း AAအဖွဲ့ က ထုတ်ပြန်ခဲ့စဉ်
Published 7 July 2024

ရခိုင်ပြည်နယ်ရှိ သံတွဲ(မဇင်) လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု AA အဖွဲ့ ထုတ်ပြန်လာ

သံတွဲတွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်းသိရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သံတွဲ(မဇင်)လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA အဖွဲ့က ယနေ့(ဇူလိုင် ၇ ရက်)တွင် သတင်းထုတ်ပြန်လာသည်။ ထို့ပြင် သံတွဲတွင် ရှိနေသော တပ်မတော် တပ်ရင်းမှ တပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲကြောင်းလည်း သိရသည်။

ဧပြီလ ၁၃ ရက်က စတင်ခဲ့သည့် သံတွဲမြို့သိမ်းတိုက်ပွဲသည် ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမသီတင်းပတ်အတွင်း အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးဖြစ်ခဲ့သည် AA အဖွဲ့က ထုတ်ပြန် ချက်တွင်ပါရှိသည်။ အဆိုတိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ  သံတွဲအခြေစိုက်တပ်ရင်းများဖြစ်သည့် အမှတ် ၅၆၆ ခြေမြန်တပ်ရင်းနှင့် အမှတ် ၅၅ ခြေလျင်တပ်ရင်းများအပါအဝင် တပ်မ ၁၀၁ လက်အောက်ခံ ခြေမြန်နှင့် ခြေလျင်တပ်ရင်းများ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ သံတွဲ ပြည်သူ့စစ်တပ်ရင်းအချို့နဲ့ ရေတပ် အထူးတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့ခဲ့ကြောင်း AA၏  ထုတ်ပြန်ချက်တွင်ဆိုထားသည်။

သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် သိမ်းပိုက်ခဲ့သကဲ့သို့၊ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း AA အဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် တပ်မတော်က သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများမှ အင်အား ၄၀၀ ခန့်ဖြင့် ခုခံစစ်များဆင်နွှဲခဲ့သော်လည်း ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ နေရာများ ကို ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်းလည်း AA က ထုတ်ပြန်လာခဲ့သည်။

လက်ရှိတွင် သံတွဲအခြေစိုက် တပ်ရင်းဖြစ်သော  ခလရ (၅၅) တပ်ရင်းအား AAက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို့  ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြား တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။

AA အဖွဲ့အနေနှင့် ဇူလိုင် ၅ ရက်တွင် သံတွဲလေဆိပ်ကို ထိန်းချုပ်လိုက်သည်ဟု ဆိုခဲ့ပြီး ယင်းနေ့တွင် သံတွဲလေဆိပ်နှင့် လေဆိပ်အနီးတွင်ရှိသည့် တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့်  လေဆိပ်မှဆုတ်ခွာ ဖောက်ထွက်ပြီး ခလရ ၅၅ သို့ သွား ရောက် ပူးပေါင်း ခဲ့ခြင်းဖြစ်သည်ဟုလည်း လတ်တလော မြေပြင်သတင်းများအရ စုံစမ်း သိရှိရသည်။

လေဆိပ်အတွင်းရှိ တပ်မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများကိုလည်း ယခင်ရက်ပိုင်းများက  ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် သံတွဲရှိတပ်မတော်၏ ခလရ ၅၅ တပ်ရင်းသို့ ပူးပေါင်းရန် ဆုတ်ခွာခဲ့ပြီး သံတွဲ မြို့လမ်းဆုံ အား တပ်မတော်က ထိန်းချုပ်ထားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း နယ်မြေကျွမ်းကျင်သော ဒေသခံအချို့၏ ပြောကြားချက်အရ  သိရှိရသည်။

သံတွဲ(မဇင်) လေဆိပ်အခြေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယခုအချိန်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အထက်ပါကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လာပါက ဆက်လက်ဖော်ပြပေးသွားပါမည်။

Most Read

Most Recent