ပိုလန်သမ္မတ၏ တရုတ်ခရီးစဉ်၌ သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး၊ ငြိမ်းချမ်းရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေး

ပိုလန်သမ္မတ၏ တရုတ်ခရီးစဉ်၌ သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး၊ ငြိမ်းချမ်းရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေး
ဇွန် ၂၄ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌  ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ပိုလန်သမ္မတ အန်ဒရေဒူဒါ(ယာ)တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ်(Photo: AFP)
ဇွန် ၂၄ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌  ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် တရုတ်သမ္မတရှီကျင်းပင်(ဝဲ)နှင့် ပိုလန်သမ္မတ အန်ဒရေဒူဒါ(ယာ)တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ်(Photo: AFP)
Published 25 June 2024

တရုတ်သို့ရောက်ရှိနေသည့် ပိုလန်သမ္မတ အန်ဒရေဒူဒါသည် ဇွန် ၂၄ ရက်က တရုတ်သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ပြီ ယူကရိန်းအရေး၊ ငြိမ်းချမ်းရေးနှင့် အပြန်အလှန်ကုန်သွယ်မှုတိုးမြှင့်ရေးတို့အတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ယင်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူက ယူကရိန်းကိုကျူးကျော်ခဲ့သော ရုရှား၏ အဓိကမဟာမိတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။

တရုတ်က သမ္မတဒူဒါကို သေနတ် ၂၁ ချက်ပစ်ဖောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် တခမ်းတနားကြိုဆိုပြီးနောက် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံစဉ် ဒူဒါက ပိုလန်နှင့် တရုတ်၏ဆက်ဆံရေး သည် ခိုင်မာဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အပြန်အလှန် သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်တိုးတက်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး နှစ်နိုင်ငံကြားက အစဉ်အလာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအောင် စဉ်ဆက်မပြတ် တွန်းအားပေးနိုင်ခဲ့တယ်”ဟု သမ္မတရှီကျင်းပင်က တုံ့ပြန်ပြောကြားခဲ့သည်။

 တရုတ်၊ ဥရောပ၊ အရှေ့တောင်အာရှနှင့် အခြားဒေသများအကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ချိတ်ဆက်ခြင်းနှင့် အခြားသောအခြေခံအဆောက်အအုံများတည်ဆောက်မည့် သမ္မတရှီ၏ အထင်ကရ စီမံ ကိန်းဖြစ်သော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်တွင် တရုတ်နှင့်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများကို ပိုမိုနီးကပ်စွာဖော်ဆောင်ရန် ပိုလန်နိုင်ငံက မျှော်လင့်ပါကြောင်း ဒူဒါက ဆိုသည်။

တရုတ်အနေဖြင့်ဧရာမပြည်တွင်းကုန် ထုတ်လုပ်ငန်းများ၏ ပိုလျှံထုတ်လုပ်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် ပြည်ပစျေးကွက်အသစ်များရှာဖွေရန် လိုအပ်နေသကဲ့သို့ အမေ ရိကန်ဦးဆောင်သော လစ်ဘရယ် နိုင်ငံတ ကာ အခင်းအကျင်းကို တန်ပြန်ရန်အတွက် နိုင်ငံရေးနှင့်စီးပွားရေးအရ သြဇာချဲ့ထွင်ရန်လည်း တရုတ်က ကြိုးပမ်းလျက်ရှိသည်။

ပိုလန်သည်လည်း ကြက်၊ဘဲအပါအဝင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ပြည်ပတွင် စျေးကွက်အသစ်များရှာဖွေရန် ကြိုးပမ်းနေသည်။

တရုတ်သို့ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးအတွက် တံခါးဖွင့်ထားကြောင်းရှီနှင့်တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒူဒါက ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုသည် လေးနာရီကြာမြင့်ခဲ့ပြီး တရုတ်ခေါင်းဆောင်နှင့် တစ်နာရီနီးပါးနှစ်ဦးတည်းသီးသန့်တွေ့ဆုံခဲ့သည်ဟု ဒူဒါက ဆိုသည်။

ပိုလန်နိုင်ငံသားများကို တရုတ်သို့ ၁၅ ရက်ကြာ ဗီဇာမလိုဘဲ အလည်အပတ်လာရောက်ခွင့်ပြုမည်ဟု ရှီက ကတိပြုခဲ့ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်အတွက် အလွန်ဝမ်းမြောက်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရှီနှင့်တွေ့ဆုံစဉ်အတွင်း ဒူဒါက ရုရှား- ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အဓိကဆွေးနွေးခဲ့ပြီး ဒူဒါက ၎င်းစစ်ပွဲအပေါ် ပိုလန်၏ ထင်မြင်ယူဆပုံ၊ ရုရှားနှင့် ဘီလာရုစ်တို့ကြောင့် ပိုလန်နယ်စပ်တွင် ကြုံနေရသည့် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာ၊ ဥရောပလုံခြုံ ရေးနှင့် ငြိမ်းချမ်းရေးတို့နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များနှင့် ပညာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်ရေးအတွက် လက်မှတ်ရေးထိုးခဲ့သည်။

Ref: AP

Most Read

Most Recent