လားရှိုးရှိ ခလရ(၆၈)တွင် တိုက်ပွဲဖြစ်ပွားဆဲဖြစ်ပြီး အကျဉ်းထောင်ပွင့်ခြင်း မရှိဟုဆို

လားရှိုးရှိ ခလရ(၆၈)တွင် တိုက်ပွဲဖြစ်ပွားဆဲဖြစ်ပြီး အကျဉ်းထောင်ပွင့်ခြင်း မရှိဟုဆို
ပုံစာ-လားရှိုးအကျဉ်းထောင်၊ ခလရ(၆၈) နေရာပြ မြေပုံ
ပုံစာ-လားရှိုးအကျဉ်းထောင်၊ ခလရ(၆၈) နေရာပြ မြေပုံ
Published 24 July 2024

လားရှိုးရှိ ခလရ(၆၈)တွင် ဇူလိုင် ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားဆဲဖြစ်ပြီး အကျဉ်းထောင်ပွင့်သွားခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးအကျဉ်းထောင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား MNDAA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် အကျဉ်းထောင်ပွင့်ကာ အကျဉ်းသားများလွတ်မြောက်သွားသည့် သတင်းမှာဟုတ်မှန်ခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၃ ရက်ညပိ်ုင်းက လားရှိုးမြို့အနီးနေရာများတွင် တိုက်ပွဲများငြိမ်သက်ခဲ့ကြောင်း၊ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ပစ်ခတ်သံများကြားရကြောင်း၊ ရပ်ကွက်() ရန်တိုင်းအောင်အနောက်ဘက်၊ အေးချမ်းသာယာဓမ္မာရုံအနောက်ဘက်နှင့် ရဲဘော်ဟောင်းဘက်တို့တွင် ပစ်ခတ်မှုများရှိကြောင်း၊  လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုနေမျိုးက ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် ၎င်း၏ဖေ့ဘွစ်အကောင့်တွင် ရေးသားထားသည်။

ကိုနေမျိုးကမြို့နယ် လဝကရုံးအောက်ဘက်မှာ စစ်ဘေးရှောင်တွေအတွက် ဆန်သွားသယ်တာ ပစ်နေလို့ ပြန်လှည့်ခဲ့ရပါတယ်။ အခု ဖြတ်သန်းခွင့် ပိတ်ထားလိုက်ပါပြီ။ ခွေးဟောင်သံတောင် မကြားရတော့ပါဘူး။ ပစ်ချက်တွေက ကြမ်းပါတယ်။ အေတီတံတား မကျိုးပါ။ အကျဉ်းထောင် နေမြဲအတိုင်းပါပဲ။ ၆၈ တပ် နှစ်ဘက် ပစ်ခတ်နေကြဆဲပါ။ လားရှိုးမြို့အထွက် ရပါတယ်။ အဝင် မရပါ။ ဈေ;ဆိုင်ကြီးတွေအများစု ပိတ်ကုန်ပါပြီ။ဆေးဆိုင်တွေလဲ ပိတ်ကုန်ပါပြီ။ ဆေးရုံBကီး OPD ဖွင့်ထားပါတယ်။လုံခြုံရေးနဲ့ ကား အခက်အခဲကြောင့် ထိခိုက်ဒဏ်ရာရလူနာများ ကူညီသယ်ပေးဖို့အဆင်မပြေတော့ပါ။ စိတ်မကောင်းပါဘူး။ နားလည်ပေးကြပါဟုရေးသားထားသည်။

လားရှိုးအကျဉ်းထောင်သည် ခလရ ၆၈ အနီးတွင်တည်ရှိပြီး အကျဉ်းထောင်မှ အကျဉ်းသားလွတ်မြောက်ခြင်းမဟုတ်ဘဲ တိုက်ပွဲများအတွင်း ခလရ ၄၁ တွင် စစ်ကြောရေးပြုလုပ်နေသည့် ဖမ်းဆီးထားသူအချို့  လွတ်မြောက်သွားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

လားရှိုးမြို့ရှိ တပ်မတော်တပ်ရင်းများအနီး နေထိုင်သူများသည် လားရှိုးမြို့တွင်းသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ဘုန်းကြီးကျောင်းများ၊ ဟိုတယ်များတွင်ခိုလှုံလျက်ရှိကြောင်းနှင့် ဒေသခံအချို့သည် မြို့တွင်း၌ သွားလာမှုရှိကြောင်း ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် Eleven Media Group က ဆက်သွယ်မှုရရှိခဲ့သည့် လားရှိုးမြို့ ခလရ(၄၁) တပ်ရင်းအနီး နေထိုင်သူတစ်ဦးကပြောကြားသည်။

ကျွန်တော်က ခလရ ၄၁ နားမှာနေတာ။ တိုက်ပွဲကပြင်းထန်တော့ တစ်ချို့တွေက မြို့ထဲပြောင်းသွားတယ်။ ဟိုတယ်မှာနေကြတယ်။ ဟိုတယ်ကလည်းလက်ခံတယ်။ မန်ဆူကျောင်းဘက်မှာလည်းရှိတယ်။ တိုက်ပွဲဖြစ်တော့ ကျွန်တော်မြင်ခဲ့ရတာတွေက အံ့သြဖို့ကောင်းတယ်။ ဟိုဘက်ကလာတိုက်တဲ့ MNDAA တွေကော၊ သူတို့နဲ့အတူပါလာတဲ့သူတွေပေါ့။ သူတို့က ရုပ်ရှင်ထဲက ဇွန်ဘီတွေလိုပဲ လက်ထိ၊ ခြေထိထားတာတောင် ရှေ့ဆက်တိုးတိုက်တာ။ အရင်တုန်းက မူးယစ်ဆေးဝါးသုံးပြီးတိုက်တယ်ဘာညာဆိုတာ ဝါဒဖြန့်တယ်ပဲထင်တာ။ အခုအဲဒါတွေသုံးတိုက်နေတာလားမသိဘူး။ ကိုယ်တိုင်တွေ့မှပဲယုံတော့တယ်ဟု လားရှိုးမြို့ ခလရ(၄၁) တပ်ရင်းအနီး နေထိုင်သူတစ်ဦးကပြောကြားသည်။

လားရှိုးမြို့တွင် စစ်ဘေးရှောင်သွားသည့် ဒေသခံများ၏ နေအိမ်များ၊ ဈေးဆိုင်များ ဖောက်ထွင်းခံရမှုများရှိပြီး စားသောက်ရေးခက်ခဲသည့် စစ်ဘေးရှောင်များကို ဒေသခံလူငယ်များ၊ လူမှုအဖွဲ့အစည်းအချို့က အလှူရှင်များကိုယ်စား စုပေါင်းလှူဒါန်းကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကူညီမှုများဆောင်ရွက်ပေးနေသူများအနက် Freedom Youth Volunteers-FYV အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ဇူလိုင် ၂၃ ရက်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ၎င်းတို့၏မော်တော်ယာဉ်ပစ်ခတ်ခံရသဖြင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း MNDAA အဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်မှုများနှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကာ လားရှိုးဒေသခံအများအပြားသည်လည်း အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်နေရပြီး မြို့တွင်းတွင် ရွှေ့ပြောင်းခြင်းမရှိသေးဘဲ နေထိုင်နေသည့် ဒေသခံများလည်းရှိသည်။

 

 

Most Read

Most Recent