လားရှိုးက အုပ်စုဖွဲ့သောင်းကျန်းနေတဲ့ တောကြောင်တွေ 

လားရှိုးက အုပ်စုဖွဲ့သောင်းကျန်းနေတဲ့ တောကြောင်တွေ 
Published 28 July 2024

 ဗမာစကားပုံမှာ ကြောင်မရှိ ကြွက်ထ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုတဲ့ စကားပုံတွေ ရှိပါတယ်။ 

    အခုလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရသလို မြွေပူရာ ကင်းမှောင့်ဆိုသလို စစ်ဘေးအပြင် သူခိုးတွေရဲ့ ဘေးအန္တရာယ်ကိုပါ ခံစားနေရတာပါ။

    လားရှိုးမြို့မှာ တိုက်ပွဲတွေ စဖြစ်တဲ့ ဇူလိုင် ၃ ရက်ကတည်းက ပစ္စည်းခိုးမယ့်သူတွေဟာ လမ်းပေါ်မှာ ရောက်နေပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။ 

    "တကယ် စိတ်ကုန်ဖို့ ကောင်းတယ်ဗျာ။ လက်နက်မထိရင် သူခိုး ကြောက်နေရတယ်" လို့ လားရှိုးဒေသခံတစ်ဦးဖြစ်တဲ့ Ko Feat က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

    တိုက်ပွဲများကြောင့် လုံခြုံရေးအားနည်းမှုကို အခွင့်ကောင်းယူကာ သူခိုးတွေဟာ အုပ်စုဖွဲ့ပြီး စစ်ဘေးရှောင်နေအိမ်တွေ၊ စျေးဆိုင်ခန်းတွေနဲ့ ရပ်ကွက်ကုန်စုုံဆိုင်တွေပါမကျန် ဖောက်ထွင်းခိုးယူလုယက်တာတွေ လုပ်နေတယ်လို့ လားရှိုးဒေသခံတွေဆီကနေ သိရပါတယ်။ 

    လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ လူဦးရေ သိန်းချီရှိနိုင်တယ်လို့လည်း ဒေသအရပ်ဘက်အဖွဲ့အစည်းတွေရဲ့  အဆိုအရ သိရပါတယ်။

    လားရှိုးမြို့ထဲကို ရှော့ခ်တိုက်ဒုံးတွေ အဆက်မပြတ်ကျနေတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ငွေကြေးတတ်နိုင်သူတွေနဲ့ တခြားမြို့တွေမှာ ခိုနားဖို့ရှိတဲ့လူတွေက မြို့ကို စွန့်ခွာသွားကြတာတွေရှိသလို တချို့ဒေသခံတွေကတော့ စစ်ဘေးရှောင်ဖို့ မဖြစ်နိုင်လို့ မြို့မှာကျန်နေခဲ့တဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။ 

    လက်ရှိလားရှိုးမြို့မှာ စစ်ဘေးရှောင်နေအိမ်အများစု ဖောက်ထွင်းခံနေရတာဖြစ်ပေမဲ့ တချို့ လူစောင့်ရှိတဲ့ အိမ်တွေလည်း ဖောက်ထွင်းခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

    "ကျွန်မတို့ အိမ်လေးတော့ ဖောက်ခံလိုက်ရပြီ။ ဆိုင်ကယ်လေးစီး၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ အကုန်ပါသွားပြီ။ တခြားဘာတွေ ပါသွားလဲ မသိသေးဘူး။ လုပ်ရက်ကြတယ်နော်" လို့ တခြားမြို့ကို စစ်ဘေးရှောင်နေရတဲ့ လားရှိုးမြို့ ရပ်ကွက် (၁၀) က ဒေသခံ Daw Soe SandarOo က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက်က ရေးသားထားပါတယ်။ 

    ရပ်ကွက် (၁၀) မှာဆိုရင် အများစုက စစ်ဘေးရှောင်သွားကြပြီဖြစ်တာကြောင့် ရပ်ကွက်ထဲမှာ တစ်ဦးစ နှစ်ဦးစသာကျန်ပြီး သူတို့က စစ်ဘေးရှောင်သူတွေရဲ့ အိမ်တွေကို လိုက်လံကြည့်ရှုပေးတယ်လို့ Daw Soe SandarOo က ဆိုပါတယ်။ 

    ဒါပေမဲ့လည်း Daw Soe SandarOo အိမ်ကို သူခိုးက အိမ်ရှေ့ကနေ မဖောက်ဘဲ နောက်ဖေးကနေ ဖောက်သွားတာကို ရပ်ကွက်မှာ ကျန်တဲ့သူတွေက နောက်မှသိလို့ သူ့ဆီ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။  

    "အနီးပတ်ဝန်းကျင်မှာ နှစ်ယောက် ကျန်တယ်။ သူတို့လည်း ကြည့်ပေးကြပါတယ်။ ဒီမနက် (ဇူလိုင် ၂၄ ရက်) ဖုန်းဆက်လာသေးတယ်။ အိမ်ရှေ့ဘက် အခြေအနေကောင်းတယ်တဲ့။ ခဏနေပြန်ဆက်လာတော့ အနောက်ဘက်က ဖောက်သွားတာတဲ့။ မီးစက်တွေတော့ ကျန်သေးတယ်။ ဖုန်းလိုင်းက မကောင်းတော့ အကျိုးအကြောင်း ကောင်းကောင်း မမေးရဘူး။ ဘာတွေ ပါသွားသေးလဲ မသိဘူး" လို့ Daw Soe SandarOo က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

    ဒီရက်ပိုင်းအတွင်းမှာပဲ လားရှိုးမြို့က နေအိမ်တွေ ဖောက်ထွင်းလုယက်ခံရတဲ့ စတေးတပ်တွေကို လူမှုကွန်ရက်မှာ အများအပြားရေးတင်လာကြတာ တွေ့ရပါတယ်။ 

    စစ်ဘေးရှောင် လားရှိုးဒေသခံတွေ ရေးတင်ကြတဲ့ စတေးတပ်တွေထဲမှာ အိမ်အဖောက်ခံရတာတွေ၊ ဆိုင်ကယ်အခိုးခံရတာတွေ၊ ကားအခိုးခံရတာတွေ၊ အိမ်တွင်းပစ္စည်း အခိုးခံလိုက်ရတွေ စတာတွေကို တွေ့ရတဲ့အတွက် လားရှိုးမြို့မှာ တော်တော်အခြေအနေဆိုးနေပုံ ရပါတယ်။ 

    တချို့စတေးတပ်တွေထဲမှာဆိုရင် သူခိုးတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောကြားထားတဲ့အထိ ရေးတင်တာတွေလည်း ရှိနေပါတယ်။ 

    လားရှိုးဒေသခံတစ်ဦးဖြစ်သူ Nicho Las "ကျွန်တော့်အိမ်လည်း အဖောက်ခံရတယ်ဗျာ။ အဲဒီခွေးတွေ မသေဘူးလား မသိဘူး။ ဝယ်လက်တွေ လက်မခံရင် သူတို့လည်း ရောင်းရမှာ မဟုတ်ဘူး" လို့ သူ့လူမှုကွန်ရက်မှာ ရေးတင်ထားပါတယ်။ 

    ဇူလိုင် ၂၃ ရက်က တင်တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် လားရှိုးမြို့တွင်းက စစ်ဘေးရှောင် နေအိမ်တစ်အိမ်ထဲမှာရှိတဲ့ မီးခံသေတ္တာကြီးကို ဖောက်ထွင်းပြီး ခိုးသွားခဲ့တာပါ။ 

    "ဒီလောက်ထူတဲ့ မီးခံသေတ္တာကို ဖောက်သွားတာ ပရော်ဖက်ရှင်နယ်ပဲ" လို့ အဲဒီဗီဒီယိုဖိုင်တင်တဲ့ အကောင့်ပိုင်ရှင် ရေးသားထားပါသေးတယ်။ 

    သူပြောလည်း ပြောချင်စရာပါပဲ။ မီးခံသေတ္တာအထူကြီးကို တံခါးမဖွင့်ဘဲ အပေါက်ဖောက်ပြီး ခိုးသွားတာလည်း ဖြစ်ပါတယ်။ 

    ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဇူလိုင် ၂၁ ရက်က တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း စစ်ဘေးရှောင်အိမ်တွေ ဖောက်ထွင်းခံထားရတာကို ရိုက်ပြထားတာပါ။

    အဲဒီဗီဒီယိုဖိုင်ထဲက ဖောက်ထွင်းခံရတဲ့ အိမ်တွေဟာ လားရှိုးမြို့ ရပ်ကွက် (၉) နယ်မြေ (၁) က ဖြစ်တယ်လို့ သိရပါတယ်။ 

    ဗီဒီယိုထဲမှာတော့ ရပ်ကွက်ထဲ ကျန်နေသေးတဲ့ လူတွေက စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို သွားရောက်စစ်ဆေးတဲ့အခါ တစ်အိမ်လုံး မွှေနှောက်ထားပြီး ဓာတ်ကြိုးတွေကအစ ခိုးယူခံထားရတာကို တွေ့ရပါတယ်။ 

    "တိုင်းကျော်ရေ မင်းအိမ်က ကုန်ပြီ ညီရဲ့။ အစ်ကိုလည်း လာတာပဲ မမီလိုက်ဘူး။ အခု တစ်အိမ်လုံးကို ကြည့်လိုက် ဓာတ်ကြိုးတွေက အစကွာ အကုန်ခွာယူ သွားကြတာ။ ဘာမှကို ရစရာမရှိတော့ဘူး။ ဆိုင်ကယ်ကတော့ မတွေ့ဘူး။ အစ်ကိုလည်း စောင့်ရှောက်နိုင်သလောက်တော့ စောင့်ရှောက်တာပဲ။ နောက်ရော ရှေ့ရော အကုန်ဖောက်သွားပြီ။ ဘာမှမရှိတော့ဘူး။ ဘာတွေရှိသေးလဲ ကြည့်လိုက်စမ်း။ တိုင်းကျော်ကို ငါဖုန်းဆက်လိုက်မယ်။ အစ်ကို သွားကြည့်လိုက်ပါဆိုပေမဲ့ အစ်ကို နောက်ကျသွားတယ် ညီရေ။ ဒီမှာလည်း တစ်မြို့လုံးလိုလိုပဲ" လို့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်ကို စောင့်ရှောက်နေသူတစ်ဦးက ဆိုပါတယ်။ 

    ရပ်ကွက် (၉)၊ နယ်မြေ (၁) ကျွန်းတောမှာ စစ်မရှောင်ဘဲ ကျန်ခဲ့တဲ့သူတွေက ရပ်ကွက်ကို တတ်နိုင်သလောက် စောင့်ရှောက်ထားပေမဲ့လည်း အိမ်တွေကတော့ အဖောက်ခံရလို့ ကုန်ပြီလို့ သူက ဆက်ပြောပါတယ်။ 

    "ရပ်ကွက် (၉) နယ်မြေ (၁) ကျွန်းတောမှာနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအကုန်လုံး စစ်ဘေးရှောင်သွားတဲ့ သူငယ်ချင်းတွေ တတ်နိုင်သလောက်တော့ စောင့််ရှောက်နေတာပဲ။ ငါတို့ကတော့ မပြေးနိုင်တော့ လားရှိုးထဲရှိတယ်။ အိမ်တွေကတော့ အဖောက်ခံရတာ ကုန်ပြီ။ ကျွန်းတော်ပတ်ချာလည် မမိုးတို့၊ ရွှေလူတို့၊ ကိုလင်း၊ ဟိုဘက်က ဟာဂျီတို့ အကုန် ကုန်ပြီ။ အိမ်ကတော့ အကုန်ဖောက်သွားတယ်။ ရသမျှတော့ သိမ်းပေးနေတာပဲ"လို့ သူက ဆိုပါတယ်။ 

    သူခိုး ခိုးခံရတဲ့ အိမ်တွေကို သူတို့ကြည့်နေတုန်းမှာပဲ ရှော့ခ်တိုက်ဒုံးတစ်လုံးက သူတို့လှမ်းမြင်နေရတဲ့ နေရာတစ်နေရာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

    စစ်ဘေးမရှောင်နိုင်လို့ ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့ လူတွေရဲ့ အဖြစ်ကလည်း မလွယ်ပါဘူး။ 

    ပစ်တာခတ်တာတွေ ရှိနေတဲ့အပြင် ရှော့ခ်တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲနေတဲ့ကြားထဲက စစ်ဘေးရှောင်သွားသူတွေရဲ့ နေအိမ်တွေကို လိုက်လံကြည့်ရှုစောင့်ရှောက်နေရတာပါ။ 

    "လောလောဆယ် ဒီလိုလာသိမ်းနေတဲ့အချိန်မှာပဲ ရှော့ခ်တိုက်ဒုံးကလည်း ကျသွားပြီ။ တို့က လာသာလာရတယ်။ ငါတို့လည်း သက်စွန့်ဆံဖျားတော့ ကူညီပေးနေတာပဲ။ တတ်နိုင်သလောက်ပေါ့နော်။ မတတ်နိုင်တာတော့ ငါတို့လည်း မတတ်နိုင်ဘူး။ ပစ်တာတွေလည်း ဝုန်းဒိုင်းကြဲနေတဲ့ကြားက ကူညီပေးနေတာပဲ သူငယ်ချင်းတို့ရေ"လို့ သူက ဆက်ပြောပါတယ်။ 

    အခုဆို လားရှိုးမြို့မှာ သူခိုးတွေရဲ့ သောင်းကျန်းမှုတွေက အခြေအနေ တော်တော်ဆိုးလာပါတယ်။ 

    စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေသာမက လူရှိတဲ့ အိမ်တွေလည်း အခိုးခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

    "အိမ်မှာ အဖေရှိလျက်သားနဲ့ အစ်ကို အိမ်သွားကြည့်တော့ အကုန်ပါသွားပြီတဲ့။ ထမင်းသွားဝယ် အပြင်ထွက်ချိန်မှာ ဖြစ်သွားတာ" လို့ စစ်ဘေးရှောင်နေရသူတစ်ဦး Phway Phway ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

    ဒီလောက် အပစ်အခတ်တွေ ညံနေတဲ့ကြားက အသက်သေမှာတောင် မကြောက်ဘဲ နေ့ခင်းကြောင်တောင် အိမ်တွေ၊ ဆိုင်တွေ ဖောက်ပြီး ခိုးနေကြသူတွေက အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    လားရှိုးမြို့  ရပ်ကွက် (၅) မှာရှိတဲ့ အောင်မင်္ဂလာစျေးကို ဇူလိုင် ၂၄ ရက်မှာ သူခိုးတွေက အုပ်စုလိုက် ဆိုင်ခန်းတွေကို ဖောက်ပြီး ပစ္စည်းတွေကို ခိုးယူခဲ့ကြပါတယ်။ 

    "ဒီလိုတွေမြင်လေ လူက ရူးချင်လေ။ အောင်မင်္ဂလာစျေးမှာ ဖောက်နေကျတာ။ ငါ့ဆိုင်လေးလည်း ကုန်ပြီလား မသိဘူး" လို့ အောင်မင်္ဂလာစျေးက ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ မိုးအေးက သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားတာကို တွေ့ရပါတယ်။ 

    သူက စစ်ဘေးရှောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာမယ်လို့ ထင်မထားတာကြောင့် 

အောင်မင်္ဂလာစျေးက ဆိုင်ခန်းလေးခန်းတွဲနဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေကို ရွှေ့ချိန်မရလိုက်ဘူးလို့ သူက ရေးထားပါတယ်။

    ဒီလိုရွှေ့ပြောင်းချိန် မရခဲ့လို့လည်း ပစ္စည်းတန်ဖိုး သိန်း ၂၀၀၀ ကျော် အခိုးခံခဲ့ရသလို သူခိုးတွေက သူ့ဆိုင်ကို တံခါးဖျက်ပြီး ပစ္စည်းတွေကို ရတဲ့စျေးနဲ့ စိတ်ကြိုက်ရောင်းချခဲ့တာလို့ သူက ရေးသားထားပါတယ်။

    "လားရှိုးမြို့ ရပ်ကွက် ၅ က အောင်မင်္ဂလာစျေးမှာ ရှိတဲ့ ကျွန်မဆိုင်လေးနဲ့ ဂိုဒေါင်က ပစ္စည်းအားလုံး ကုန်ပါပြီရှင်။ ဒီနေ့မှ သွားကြည့်လို့ရလို့ သွားကြည့်တာ သူခိုးတွေက တံခါးတွေ ဖျက်ပြီး ရသလောက်စျေးနဲ့ ရောင်းနေတာပါတဲ့။ သူခိုးလက်ခံပြီး ဝယ်တဲ့သူတွေလည်း ရှိပါတယ်။ စစ်ကြီးပြီးရင် စာရင်းရှင်းကြမယ်။ ကျွန်မဘဝကို မြှင့်တင်ပေးခဲ့တဲ့ဆိုင်လေး ဘယ်တော့မှ မမေ့ပါဘူး။ အရမ်းဝမ်းနည်းရပါတယ်။ တန်ဖိုးအားလုံး သိန်း ၂၀၀၀ ကျော်ဖိုးပါ။ လူလည်း ခွေးဖြစ်ပါပြီရှင်" လို့ မိုးအေးက သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။ 

    မန္တလေးကို စစ်ဘေးရှောင်နေရသူတစ်ယောက်ရဲ့ အောင်မင်္ဂလာစျေးက ဆိုင်ခန်းတစ်ခန်းလည်း အဖောက်ခံခဲ့ရပါတယ်။ 

    "မရှိမဲ့ရှိမဲ့ တည်ထောင်ထားတဲ့ဆိုင်လေး သူခိုးခိုးလို့ ကုန်ပြီတဲ့။ သူခိုးရေ အမျှအမျှအမျှ သူများအပူစာ စားပြီး ကျန်းမာချမ်းသာပါစေ။ ရှိစုမဲ့စုလေးမို့ အရမ်းခံစားရပါတယ်။ ဘယ်လိုပြန်စရမှန်း မသိတော့ဘူး" လို့ ဆိုင်ခန်းပိုင်ရှင်က ဆိုပါတယ်။ 

    ဒါ့အပြင် သူခိုးစျေးဝယ်နေသူတွေကလည်း လမ်းဆုံမှာ ကားနဲ့စောင့်ပြီး ခိုးရာပါပစ္စည်းတွေကို ဝယ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ခိုးရာပါပစ္စည်းတွေကို တရုတ်သချိုင်းထဲမှာ အရောင်းအဝယ်ပြုလုပ်ကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    "တရုတ်သချိုင်းထဲမှာ ဝယ်ရောင်းနေကြတယ်" လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Nang Khin Htay က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    လားရှိုးဒေသခံတွေအနေနဲ့ သူခိုးတွေအပြင် ခိုးရာပါပစ္စည်းလက်ခံသူတွေကလည်း ပေါ်ပေါ်တင်တင် ဝယ်ယူနေကြတဲ့အတွက် အဲဒီလုပ်ရပ်အပေါ်မှာ  တော်တော်လေးဒေါသထွက်နေကြပါတယ်။ 

    "ကိုယ့်ပစ္စည်းတွေ ပြန်တွေ့ကြည့် ဝယ်တဲ့သူလည်း အရှုံးပဲ။ အချောင်လိုချင်တဲ့ဟာတွေ အသေဆိုးနဲ့ သေကြပါစေလို့ ပြောချင်တယ်" လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Noe Noe က လူမှုကွန်ရက်မှာ ရေးထားပါတယ်။ 

    "သူခိုးက သူခိုးစျေးပဲ ရမှာ။ အဝယ်ရှိလို့ ခိုးနေတာ။ သူတစ်ပါး ဒုက္ခရောက်ချိန် မလုပ်သင့်ပါဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

    လက်ရှိမှာတော့ နေအိမ်၊ ဆိုင်တွေ ဖောက်ထွင်းခံရတဲ့ ဒေသခံတွေကတော့ ဘဝတွေပျက်ပြီး မျက်ရည်မျက်ခွက်ဖြစ်နေပေမဲ့ သူခိုးတွေနဲ့ သူခိုးပစ္စည်းလက်ခံသူတွေက သူတစ်ပါးပစ္စည်းတွေကို ခိုးပြီး ခေတ်ပျက်ကြီးမှာ ရွှေထီးဆောင်းနေကြတာပါ။ 

    ဒီလိုအခြေအနေမှာ စစ်ရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ ခိုးဆိုးလုနှိုက်မှုတွေကို ဘာမှပြန်မလုပ်နိုင်ဘဲ လည်စင်းခံနေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

    ဒါပေမဲ့ သူတို့ ဘဝတွေပျက်အောင် ခိုးသွားကြတဲ့ သူခိုးတွေနဲ့ ခိုးရာပါပစ္စည်းလက်ခံသူတွေကို လားရှိုးဒေသခံတွေက ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါဘူး။

    လားရှိုးမြို့မှာ တိုက်ပွဲတွေ ပြီးဆုံးလို့ အိမ်ပြန်တဲ့အခါ ဒေသခံတွေနဲ့ သူခိုးပစ္စည်းလက်ခံသူတွေအကြား ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။

    "စစ်ကဖြစ်၊ သူခိုးတွေကလည်း အိမ်လိုက်ဖောက်။ စစ်ပြီး ပြန်ရောက်ရင်တော့ သူခိုးပစ္စည်းလက်ခံတွေပါ တွေ့မယ်။ ကြည့်ထား" လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတစ်ဦးဖြစ်သူ Thein Min Tun က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

Most Read

Most Recent