ဂါဇာ၌ အစ္စရေးလုပ်ဆောင်သော တိုက်ခိုက်မှုသုံးကြိမ်တွင် လူ ၄၈ ဦး သေဆုံးခဲ့သည်ဟု ဂါဇာမြို့ပြ ကာကွယ်ရေးအဖွဲ့ ပြောကြား

ဂါဇာ၌ အစ္စရေးလုပ်ဆောင်သော တိုက်ခိုက်မှုသုံးကြိမ်တွင် လူ ၄၈ ဦး သေဆုံးခဲ့သည်ဟု ဂါဇာမြို့ပြ ကာကွယ်ရေးအဖွဲ့ ပြောကြား
အစ္စရေးတိုက်ခို်က်မှုကြောင့် နူဆေးရတ်ဒုက္ခသည်စခန်း၌ ကုလသမဂ္ဂဖွင့်ထားသော အယ်လ်ရာဇီစခန်း ပျက်စီးနေပုံကို ဇူလိုင် ၁၆ ရက်တွင်တွေ့ရစဉ်(Photo:AFP)
အစ္စရေးတိုက်ခို်က်မှုကြောင့် နူဆေးရတ်ဒုက္ခသည်စခန်း၌ ကုလသမဂ္ဂဖွင့်ထားသော အယ်လ်ရာဇီစခန်း ပျက်စီးနေပုံကို ဇူလိုင် ၁၆ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 18 July 2024

ဇူလိုင် ၁၆ ရက်တွင် တစ်နာရီမပြည့်မီ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင် ခဲ့ခြင်းကြောင့် လူ ၄၈ ဦးသေဆုံးသွားခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ မြို့ပြကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းသည်လည်း တိုက်ခိုက်ခံရသည့်အထဲတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုနှစ်ကြိမ်ကို မိမိတို့လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုုက်မှုများတွင် နောက်ထပ် လူဒါဇင်ချီ ဒဏ်ရာရသွားခဲ့သည်ဟု မြို့ပြကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

နောက်ဆုံးထုတ်ပြန်သည့် သေဆုံးစာရင်းအရ ဂါဇာအလယ်ပိုင်းရှိ နူဆေးရတ်ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂက ဖွင့်ထားသော အယ်လ်ရာဇီစာသင်ကျောင်း၌ လူ၂၅ ဦး သေဆုံးသွားခဲ့သည်ဟု ယင်းအေဂျင်စီ၏ ဒါရိုက်တာ မိုဟာမက်အယ်လ်မူဂါက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တောင်ပိုင်းခန်းယူနစ်မြို့အနီးရှိ အယ်လ်မာဝါဆီ၌ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုတစ်ခု၌ ဂါဇာမြောက်ပိုင်းရှိ ဘိတ်လာဟီးယား (လမ်းဆုံ) အဝိုင်းအနီးတွင် ရပ်နေသူများ ထဲက လူငါးဦးသေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများကို တိုက်ခိုက်ရန် ဟားမာ့စ်တိုက်ခိုက်ရေးသမားများက နူဆေးရတ် စာသင်ကျောင်းကို အသုံးပြုသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အယ်မာဝါဆီ၏ အယ်လ်အတ်တာခရိုင်ကို တိုက် ခိုက်မှုသည် ဟားမာ့စ်တပ်ခွဲ၏ တပ်ရင်းမှူး ကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အစ္စရေးက  ပြောကြားခဲ့သည်။

အနည်းဆုံး စာသင်ကျောင်းခုနစ်ကျောင်းသည် ၁၀ ရက်အတွင်းတွင် အစ္စရေး တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ အဆိုပါကျောင်းများထဲက အများစုသည်ကု လသမဂ္ဂကဖွင့်ထားသော ကျောင်းများဖြစ် သည်ဟု ဆိုသည်။ ဂါဇာစစ်သင်ကျောင်းအများစုသည် အောက်တိုဘာ ၇ ရက်တွင် စစ်ပွဲစတင်ပြီးနောက်ပိုင်း စစ်ဘေးရှောင် ထောင်ပေါင်းများစွာ ခိုလှုံရာနေရာများ ဖြစ်လာခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သောရက်ပိုင်းတွင်  ပြင်းထန်သော တိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့ရာ အရပ်သားများ ခိုလှုံနေသော ဒုက္ခသည်စခန်းတစ်ခုနှင့် ကုလသမဂ္ဂက ဖွင့်ထားသော စာသင်ကျောင်းများ တိုက်ခိုက်ခံ ရသည့်အထဲတွင် ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှ နုတ်ထွက်ခဲ့သည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့ အတွက် သဘောတူညီချက်ရရှိရေးသည် ထပ်မံနှောင့်နှေးမည့် အနေအထားဖြစ်လာခဲ့သည်။

ဂါဇာကမ်းမြောင်ကို အစ္စရေး၏ ဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများသည် လက်မခံနိုင်လောက်အောင် မြင့်မားနေသည်ဟု ဇူလိုင် ၁၅ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစ္စရေး အရာရှိကြီးနှစ်ဦးကို ပြောကြားခဲ့သည်ဟု ဘလင်ကင်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

“အရပ်သားထိခိုက်သေဆုံးမှုတွေဟာ လက်မခံနိုင်လောက်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ အရပ်သားသေဆုံးတာတွေ များလွန်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘလင်ကင်သည် သြဇာရှိသော အစ္စရေးတာဝန်ရှိသူများဖြစ်သည့် မဟာဗျူဟာရေးရာ ဝန်ကြီးရွန်ဒါမားနှင့် အမျိုးသားလုံခြုံရေးအကြံပေး တီဇာချီဟာနစ်ဘီတို့နှစ်ဦးကို လက်ခံတွေ့ဆုံခဲ့ပြီး မကြာသေးမီက ဂါဇာ၌ အရပ်သားထိခိုက် သေဆုံးမှုများနှင့် စပ်လျဉ်း၍ မိမိတို့ အလွန်စိုးရိမ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်က ယင်းသို့ ပြောကြားခဲ့သော်လည်း ဂါဇာတွင်အရပ်သား သေဆုံးမှုများပြားနေသည်။

Ref:AFP

Most Read

Most Recent