ထိုင်းတော်ဝင်မိသားစုကို ဝေဖန်တိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားစွဲဆိုခံရမည်ဟု အစိုးရရှေ့နေချုပ်ရုံးက ထုတ်ပြန်

ထိုင်းတော်ဝင်မိသားစုကို ဝေဖန်တိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားစွဲဆိုခံရမည်ဟု အစိုးရရှေ့နေချုပ်ရုံးက ထုတ်ပြန်
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့တော်၏ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာသည့် သက်ဆင်အားတွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့တော်၏ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာသည့် သက်ဆင်အားတွေ့ရစဉ်(Photo:AFP)
Published 30 May 2024

ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုအား ဝေဖန်တိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် တရားစွဲဆို ခံရလိမ့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရရှေ့နေချုပ်ရုံးက မေ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သက်ဆင်သည် လွန်ခဲ့သည့် ၁၀ နှစ်နီးပါးခန့်က ထိုင်းဘုရင်မိသားစုနှင့်ပတ်သက်သည့် မှတ်ချက်စကားကြောင်း ယခုကဲ့သို့ တရားရင်ဆိုင်ရမည်ဖြစ်သည်။

သက်ဆင်ကို ထိုင်းနိုင်ငံ၏ တော်ဝင်အသရေဖျက်မှု ဥပဒေများအောက်တွင် စွဲချက်များကို ဖြေကြားရန်အတွက် ဇွန် ၁၈ ရက်တွင်  တရုံးရုံးသို့ ဆင့်ခေါ်မည်ဟုလည်း အစိုးရရှေ့နေချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ပီ ပီချာရာကန်က ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည်  ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီးနောက် ပြည်ပတွင် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာ နေထိုင်ခဲ့သည်။

၎င်း၏ ဖြူထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ပြီး အာဏာရယူခဲ့သည့် ပြီးခဲ့သည့်နှစ်တွင် သက်ဆင်သည် ထိုင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“အစိုးရရှေ့နေချုပ်က သက်ဆင်ကို ဘုရင့်မိသားစုကို ဝေဖန်စော်ကားမှုအတွက် စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ပရာယွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သက်ဆင်၏ ရှေ့နေဖြစ်သူသည် ကိုဗစ်ဖြစ်နေသဖြင့် သက်ဆင်ကို တရားရုံးသို့ ခေါ်ယူရန်မဖြစ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သက်ဆင်သည် ကွန်ပြူတာ ရာဇဝတ်မှု အက်ဥပဒေအောက်တွင် တရားစွဲဆိုခံရလိမ့်မည်ဟု ပရာယွတ်က ဆိုသည်။

ထိုင်းနိုင်ငံသည် ဘရင်မဟာဝဇီယာ လောင်ကွန်းနှင့် ၎င်း၏မိသားစုကို ကာကွယ်ပေးထားသည့် ကမ္ဘာ့အတင်း ကျပ်ဆုံး တော်ဝင်အသရေဖျက်မှု ဥပဒေများကို ထုတ်ပြန်ထားကာ စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက သက်ဆင်အပေါ်စွဲဆိုထားသည့် စွဲချက်များကို ခုခံကာကွယ်သွားမည်ဟု ဆိုသည်။

“သက်ဆင်ဟာ သူ့ရဲ့ အပြစ်ကင်းစင်မှုကို တရားရေးစနစ်နဲ့ သက်သေပြဖို့အသင့်ပါပဲ”ဟု ဝင်ယတ်က ပြောကြားခဲ့သည်။

                                               Ref:AFP

Most Read

Most Recent