အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးတွင် အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံး ဆုံးဖြတ်

အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးတွင် အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံး ဆုံးဖြတ်
မေ ၃၀ ရက်က ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို ရုံးတင်စစ်ဆေးနေသည့် အနောက်ကောင်းလွန်း ရာဇဝတ်တရားရုံး အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်(Photo: AFP)
မေ ၃၀ ရက်က ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို ရုံးတင်စစ်ဆေးနေသည့် အနောက်ကောင်းလွန်း ရာဇဝတ်တရားရုံး အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်(Photo: AFP)
Published 30 May 2024

အတိုက်အခံများကို ဖြိုခွင်းရန်အတွက် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရုံးတင်စစ်ဆေးသည့် အကြီးမားဆုံးအမှုအခင်းတွင် အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းမှုဖြင့် လူ ၁၄ ဦးတွင် အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံးတစ်ရုံးက မေ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

 ၎င်းတို့ ၁၄ ဦးနှင့် အပြစ်ရှိကြောင်းထွက်ဆိုခဲ့သည့် အခြား ၃၁ ဦးတို့သည် ထောင်ဒဏ်တစ်သက် ကျခံရဖွယ်ရှိပြီး ယခုနှစ်နှောင်းပိုင်းတွင် ယင်းအမှုအတွက် စီရင်ချက်ချဖွယ်ရှိကြောင်း သိရသည်။

 ၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဧရာမဆန္ဒပြပွဲများနှင့် ရံဖန်ရံခါတွင် အဓိကရုဏ်းအသွင်ရောက်ရှိခဲ့သည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် တရုတ်အစိုးရက ၂၀၂၀ ခုနှစ်တွင် အမျိုးသား လုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့သည်။

ထို့နောက်တွင် အာဏာပိုင်များသည် လူတန်းစားအလွှာအသီးသီးမှ လူ ၄၇ ဦးအား အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်အရေးယူခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများသည် အစိုးရကိုဖြုတ်ချရန်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်အမတ်ဟောင်းများနှင့် ခရိုင်ကောင်စီဝင်များအပါအဝင် တရားခံ ၁၆ ဦးက ၎င်းတို့တွင်အပြစ်မရှိဟု ထွက်ဆိုခဲ့သည်။

ဟောင်ကောင်တရားသူကြီး အန်ဒရူးချန်က အပြစ်ရှိကြောင်းတွေ့ရှိခဲ့သည့် တရားခံ ၁၄ ဦး၏အမည်ကို ထုတ်ဖော်ကြေညာခဲ့ပြီး ခရိုင်ကောင်စီဝင်ဟောင်း နှစ်ဦးကိုမူအပြစ်မရှိဟု ဆုံးဖြတ်ခဲ့သည်။

တရားခံ ၁၄ ဦးသည် အစိုးရနှင့်အစိုးရအဖွဲ့ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်နှင့် အမိန့်အာဏာ မှေးမှိန်စေရန် ကြံစည်လုပ်ဆောင်ခဲ့သည်ဟု တရားရုံးကထုတ်ပြန်ခဲ့သည့် စီရင်ချက်အကျဉ်းချုပ်တွင် ဖော်ပြခဲ့သည်။ ယင်း သည် ဟောင်ကောင်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်စေမည်ဟု ယူဆကြောင်းလည်း စီရင်ချက်တွင် ဖော်ပြထားသည်။

တရားခံအများစုသည် ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ရုံးတင်စစ်ဆေးခံရပြီးကတည်းက အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသည်။ ယင်းကြားနာစစ်ဆေးမှုကို ခုံသမာဓိအဖွဲ့မပါဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီး များကိုလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ရွေးချယ်ထားသည့် ဥပဒေပညာရှင်အဖွဲ့မှ ရွေးချယ်ထားခြင်းဖြစ်သည်။

တရားခံ ၃၁ ဦးသည် ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ရရန် မျှော်ကိုးလျက်အပြစ်ရှိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ ရုံးတော်က အပြစ်မရှိဟု ဆုံးဖြတ်ခဲ့သည့် တရားခံတစ်ဦးဖြစ်သူ လောရန့်စ်လောကမူ အမှုရင်ဆိုင်နေရသည့် အခြားအဖွဲ့သားများကို ဆက်လက်ပံ့ပိုးသွားမည်ဟု ဆိုသည်။

တရားခံ ၄၇ ဦးသည် တရားမဝင်အကြိုရွေးကောက်ပွဲကို ကျင်းပခြင်းဖြင့် အစိုးရ၏အခွင့်အာဏာကို ဖျက်လိုဖျက်ဆီးလုပ်ရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု အစိုးရရှေ့နေများက ဆိုသည်။

၎င်းတို့သည် လွှတ်တော်အား ထိန်းချုပ်ကာ အစိုးရ၏ ဘတ်ဂျက်အဆိုပြုချက်များကို ဗီတိုအာဏာဖြင့်ပယ်ချပြီး ၂၀၁၉ ခုနှစ်တွင် ဆန္ဒပြသူများက တောင်းဆိုထားသည့် အဓိကအချက်ငါးချက်ကို လိုက်လျောလာအောင် ဟောင်ကောင်အစိုးရကို ဖိအားပေးရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။        

Ref: AFP

         

         

Most Read

Most Recent